မင်းပြား နိုဝင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ တည်ထားကိုးကွယ်လျက်ရှိသော ကျိန်းတောင်ဘုရား ရင်ပြင်တော်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါဘုရားရင်ပြင် ဓမ္မရုံအတွင်းတွင် စည်းကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
မင်းပြားမြို့ ကျိန်တောင်ဇီဝှါဓါတ်တော် ဘုရားရင်ပြင်ဓမ္မရုံအတွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ ကျိန်တောင်ဇီဝှါ ဓါတ်တော်ဂေါပက အဖွဲ့လူကြီးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့နယ်သူ၊ မြို့နယ်သားများမှ ဦးဆောင်ကြီးမှူး ကျင်းပပြုလုပ်အပ်သော မြို့နယ်လုံးကျွတ် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာ ဘုံကထိန်ပွဲတော်ကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီးနောက် မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဖြစ်တော်မူသည့် မင်းပြားမြို့ သုခိတာရုံကျောင်းတိုက်ပဓါနနာယက ဆရာတော်၊ ဘဒ္ဒန္တဘာသထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်များက ပရိတ်တရားတော်မြတ်ကို ရွတ်ဖတ်ပူဇော်ကြသည်။
ဆက်လက်၍ ကထိန်သက်န်းနှင့် လှူဖွယ်ဝတ္ထုများအား ဆရာတော် အရှင်သူမြတ်များထံ ဆက်ကပ် လှူဒါန်းကြပြီးနောက် ပြည်နယ်သံဃာ့ဝန်ဆောင် ဆရာတော်ဖြစ်တော်မူသည့် မင်းပြားမြို့ သီရိရတနာ ကျောင်းတိုက်၊ ပဓါနနာယကဆရာတော် ဘဒ္ဒန္တသဇ္ဇနဝံသထံမှ ကထိန်အနုမောဒနာ တရားတော်မြတ်ကို နာယူပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ မြို့နယ်လုံးကျွတ် စုပေါင်းမဟာ ဘုံကထိန်ပွဲတော် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သိန်းနုအောင်