ကျိုက်ထို နိုဝင်ဘာ ၁၈
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၌ တည်ရှိသော ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်အား တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားလာရောက်ဖူး မျှော်ကြသည့် ပြည်သူများ အေးချမ်းစွာဖြင့် ဘုရားဖူးကုသိုလ်ယူ စည်ကားလျက်ရှိကြောင်း တွေ့ရသည်။
ကျိုက်ထိုမြို့၏ အထင်ကရ ဘုရားတစ်ဆူဖြစ်သည့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ၊ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများမှ တောင်တက်ကား၊ ကေဘယ်လ်များဖြင့် တောင်တော်ပေါ်သို့ အေးချမ်းစွာ တက်ရောက်လာ ကြပြီး ဆံတော်ရှင်စေတီတော် မြတ်ကြီးတွင် ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ နံသာတိုင်များ ထွန်းညှိပူဇော်ပြီး ယနေ့ တန်ဆောင်မုန်းလပြည့်ညတွင်လည်း ဆီမီး(၉၀၀၀)ကို ဘုရားဖူး ပြည်သူ များမှ အေးချမ်းစွာဖြင့် ထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘုရားဖူးလာ ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ ဖူးမျှော်ကြည်ညိုနိုင်ရေး ဘုရားဂေါပက အဖွဲ့များမှ နှိုးဆော် အသိပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)