လမိုင်းမြို့အတွင်း ကော့ဒွတ်ကျေးရွာ ကျိုက်မင်းဝကမ်းခြေတွင် အပန်းဖြေအနားယူသူများ စည်းကားလျက်ရှိ

လမိုင်း နိုဝင်ဘာ ၁၈

မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ ကော့ဒွတ်ကျေးရွာ တန်းဆောင်မုန်းလပြည့်နေ့ ကျိုက်မင်းဝရေလယ် ဘုရားပွဲတော်တွင် နှစ်စဉ်စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဝါလကင်းလွတ်သီတင်းကျွတ် မီးထွန်းပွဲတော် အပါအဝင် တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) မတိုင်မီ (အဖိတ်နေ့) နှင့် လပြည့်နေ့တို့တွင် ဆီမီးများ ထွန်းညှိပူဇော်ခြင်း၊ နံနက်အရုဏ်တက်ချိန်  ရှင်ဥပ္ပရုတ္ထ မထေရ်မြတ်အား ဆွမ်းအိုးမျှော ကပ်လှူပူဇော်ခြင်းနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် အခါကြီး၊ ရက်ကြီး တွင် ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများအား အာဟာရဒါန စတုဒီသာများဖြင့် ရပ်ကွက်/ ကျေးရွာလမ်းအလိုက်များတွင် ဧည့်ခံကျွေးမွေး ကုသိုလ်ယူကြသည်။

တန်ဆောင်မုန်းလပြည့်နေ့ နေ့လယ်ပိုင်းက စတင်ကာ ကမ်းခြေလာရောက်ကြသည့် ပြည်သူများ အေးချမ်းစွာ အပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိသည်။ လမိုင်းမြို့တွင်  ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ပေးထားပြီး ရပ်နီးရပ်ဝေးမှ ကမ်းခြေသို့ လာရောက်အပန်းဖြေသူများ ကမ်းခြေတွင် စက်ဘီစီး၊ ဆိုင်ကယ်အပျော်စီးသူများ၊ ရေကစားကြသူများနှင့် စားစရာမုန့်ဆိုင်၊ ကလေးကစားစရာ၊ အဝတ်အထည်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများ ရောင်းချသည့် စျေးဆိုင် တန်းများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။

လမိုင်း(ပြန်/ဆက်)