ကျောက်တန်းမြို့ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်၌ တန်ဆောင်မုန်းလပြည့်နေ့ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့်စည်ကား

ကျောက်တန်း  နိုဝင်ဘာ   ၁၈

ယနေ့ကျရောက်သည့် တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ ကျောက်တန်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ် စေတီတော်၌ ဆွမ်း၊ ပန်း၊ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများဖြင့် စည်ကား လျက်ရှိသည်။

ဘုရာဖူးလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စေတီတော်အဝင်တွင် အပူချိန်တိုင်းတာပေးခြင်း၊ လက်သန့်ဆေးဖြင့် လက်ဆေးစေခြင်း၊ နှာခေါင်းစည်း (Mask )တပ်ဆင်စေခြင်း များကို ဆောင်ရွက်ပြီးမှသာ ရေလဘ်စေတီတော်မြတ်ကိန်းဝပ်ရာသို့ သဗ္ဗာန်များဖြင့် ပို့ဆောင်ပေးခြင်းဖြစ် ကြောင်း၊ဆွမ်း ၊ပန်း၊ ရေချမ်း၊ဆီမီးများ ကပ်လှူပူဇော်ရာတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဘုရားဂေါပကတာဝန်ရှိသူများက ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

တန်ဆောင်တိုင်ရုံးပိတ်ရက် ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီးသို့ ဘုရားဖူး လာရောက်သူများ များပြားလျက်ရှိပြီး ဘုရားဖူးချိန်အား ပုံမှန်ရက်များတွင် နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိသာ ခွင့်ပြုထားသော်လည်း ယခုလိုနေ့ထူးနေ့မြတ်များ၌ နံနက် ၇ နာရီမှ ညနေ ၄:၃၀ နာရီအထိ ခွင့်ပြုထားကြောင်း  သိရသည်။

“ကျွန်တော်တို့မြို့ရဲ့ အထင်ကရဖြစ်တဲ့ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မြတ်ကြီးကို တော့ အနယ်နယ်အရပ်ရပ်ကပြည်သူတွေ မသိတဲ့သူမရှိသလောက်ပါဘဲ၊ နှစ်စဉ်နှစ်တိုင်းမှာတော့ တခြား အနယ်နယ် အရပ်ရပ်က  ဘုရားဖူးပြည်သူတွေ ဒီနှစ်ထက် လာတာပိုများပါတယ်၊၊ ရပ်ဝေးတွေက လာကြတာ တွေများပါတယ်၊ မနှစ်ကနဲ့ ဒီနှစ်မှာတော့ ကိုဗစ် ရောဂါကြောင့် ဘုရားဖူးပြည်သူတွေ လာရောက်တာ နည်းသွားတယ်၊ ပုံမှန်ရက်မှာဆို ဘုရားဖူးပြည်သူ သိပ်မလာကြပါဘူး၊ ယခုလို နေ့ထူးနေ့မြတ်မှာဆိုရင်တော့ ဘုရားဖူးလာရောက်သူတွေ များပါတယ်။ ပန်း၊ရေချမ်း၊ဆီမီး ပူဇော်ကြတယ်၊ပြီးတော့ ငါးစာတွေကျွေးပြီး ကုသိုလ်ကောင်းမှုတွေပြုကြတယ်၊ လူဦးရေကတော့ အတိအကျပြောလို့မရသေးဘူးပေါ့၊ ညနေဘုရားဖူး ပိတ်တဲအချိန်မှပဲ လူဦးရေက အတိအကျစာရင်းရမှာဖြစ်ပါတယ်၊ ဘုရားဖူးပြည်သူတွေ အဆင်ပြေပြေနဲ့ ဘုရားဖူးမြှော်နိုင်ဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်များနဲ့အညီ  တာဝန်ရှိသူတွေက ဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟုဂေါပကရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခင်ဆွေဝင်း(ကျောက်တန်း)