နောင်ချို နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သံသယာအေးစေတီတော်မြတ်ကြီး၏ (၂၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့ နံနက်ပိုင်းက သံသယာအေးစေတီ တော် မြတ်ကြီး၏ ရင်ပြင်တော်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ စေတီတော်အတွင်း ဗုဒ္ဓဘိသေကမင်္ဂလာဆင်ယင်ကျင်းပပြီး စေတီတော်အား ရစ်ပတ်ကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့်အလှူငွေများ လောင်း လှူခဲ့ကြသည်။
သံသယာအေးစေတီတော်မြတ်ကြီး၌ နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တိုင်း ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိပြီး ယခုနှစ်တွင် (၂၈)ကြိမ်တိုင်ခဲ့ပြီဖြစ်ပါသည်။ ပွဲတော်မစတင်မီ စေတနာရှင် ပရဟိတ အဖွဲ့များ၊ အလှူရှင်များက ဧည့်ပရိတ်သတ်များအား စတုဒီသာများ ကျွေးမွေးခြင်းတို့ဖြင့် စည်ကား လျက်ရှိသည်။
ယနေ့ကျင်းပပြုလုပ်သော ဗုဒ္ဓပူဇနိယပွဲတော်သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊မြို့နေပြည်သူ များမှ အစဉ်အလာမပျက် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ထွေးငယ်၊ (ပြန်/ဆက်)