သီပေါမြို့နယ်အတွင်းရှိ ကျေးရွာများအရောက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး သွားရောက်ထိုးနှံပေး

သီပေါ နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်း လျော့နည်းပပျောက်စေရန် ရည်ရွယ်၍  မြို့နယ်အတွင်းရှိ ကျေးရွာများအရောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မန်ဆန် ကျေးရွာတွင် ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျေးရွာများ အရောက် သွားရောက်ထိုးနှံ ပေးလျက်ရှိရာ နိုဝင်ဘာလ ၁၆ ရက်နေ့က ပန်မိတ်ကျေးရွာနှင့် နားမခေါ်ကျေးရွာတွင် အသက် (၁၈)နှစ်နှင့် အထက် ပြည်သူ(၆၅၀)ဦးကိုလည်းကောင်း၊ နိုဝင်ဘာ ၁၇ ရက်နေ့က မန်ဆန်ကျေးရွာရှိ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူ(၂၄၅)ဦးကို ပထမအကြိမ်အဖြစ်လည်းကောင်း၊ စုစုပေါင်း လူဦးရေ(၈၉၅)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် အဆိုပါ ကျေးရွာများရှိ ပြည်သူများအားCOVID-19 Antigen RDT  Test Kit ဖြင့်ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ ပူးပေါင်း၍ လိုအပ်သည်များ ကူညီ ဆောင်ရွက် ခဲ့ကြကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသော အသက်(၁၈) နှစ် နှင့်အထက် ဒေသခံပြည်သူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။

ခင်လေး