ဟိုပန် နိုဝင်ဘာ ၁၈
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒသမအကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်အလှူနှင့်ရေစက်ချအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဟိုပန်မြို့၊ မြို့မသာသနာ့ရောင်ခြည်ကျောင်းတိုက်တွင် ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်အလှူရှင်များတက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး မြို့နယ်သံဃာမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီဟဗလထံမှ ဧည့်ပရိတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ထို့နောက် ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရစ္ဇျာယ်ချီးမြှင့်တော်မူသည်။ဆက်လက်၍ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား)အတွင်းရေးမှူးဦးထွန်းထွန်းဝင်း(ညွှန်ကြားရေးမှူး)နှင့် အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး အောင်ကျော်စိုး၊အဖွဲ့ဝင်ဦးကျင်ဝမ်းနှင့်တာဝန်ရှိသူများ၊ စေတနာရှင်များက ကထိန်လျာသင်္ကန်း၊လှူဖွယ်ပစ္စည်းများနှင့်ဆွမ်းဂျိုင့်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး မြသိန်းတန်သာသနာပြုပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောဘိတထံမှ
အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ယနေ့ လှူဒါန်းမှုအနေဖြင့်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ စေတနာရှင်များက ကထိန်ပဒေသာပင်(၃၇)ပင် (ပစ္စည်း+ငွေသား)တန်ဖိုးငွေ(၁၆၈၃၀၁၀၀)ကျပ်ကို ဟိုပန်မြို့နယ်အတွင်း သီတင်းသုံးနေထိုင်တော်မူသော ဘုန်းတော်ကြီးကျောင်း(၃၃)ကျောင်းနှင့် ပင့်သံဃာတော်(၅)ပါးတို့ ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)