စစ်တွေ နိုဝင်ဘာ ၁၈
စစ်တွေမြို့၊ မြို့လုံးကျွတ်ဆွမ်းတော်ကြီး လောင်းလှူပွဲကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ဆွမ်းဆန်တော် လောင်းလှူကြသည်။
အဆိုပါ ဆွမ်းဆန်တော်လောင်းလှူပွဲသို့ စစ်တွေမြို့ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် အပါး (၅၅၀)နှင့် သီလရှင်များသည် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးမှ စတင်ကာ ဝင်္ကပါကွင်းတစ်လျောက် ကြွရောက်ကာ ဆွမ်းဆန်တော်များ အလှူခံကြသည်။
ထိုသို့ ဆရာတော်သံဃာတော်များနှင့် သီလရှင်များကြွရောက် ဆွမ်းဆန်တော်အလှူခံကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များက ဆွမ်းဆန်တော်များ၊ အချိုရည်နှင့် အလှူဝတ္ထုပစ္စည်းများအား စေတနာထက်သန် စွာဖြင့် ပါဝင်ကုသိုလ်ယူလှူဒါန်းကြသည်။
စစ်တွေမြို့လုံးကျွတ် ဆွမ်းတော်ကြီး လောင်းလှူပွဲကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေများကြောင့် ယမန်နှစ်က ကျင်းပနိုင်ခြင်းမရှိဘဲ၊ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းကျဆင်းလာသည့် အတွက်ကြောင့် ပြန်လည် ကျင်းပခြင်းဖြစ်ကြောင်း အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရား ကြီးဂေါပကအဖွဲ့မှ သိရသည်။
ယခုနှစ်တွင် စစ်တွေမြို့၊ မြို့လုံးကျွတ်ဆွမ်းတော်ကြီး လောင်းလှူပွဲကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး ဂေါပကအဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)