ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တော်ဘုရားရင်ပြင်တော်၌ ပဉ္စမအကြိမ်မြောက် ရခိုင်ရိုးရာသင်ပုတ်ဆွမ်းတင်ပူဇော်ပွဲကျင်းပ

ပုဏ္ဏားကျွန်း  နိုဝင်ဘာ ၁၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရား ရင်ပြင်တော်၌ ယနေ့ နံနက်(၇)နာရီ က ရခိုင်လူမျိုးတို့၏ ခေတ်လေးခေတ်ကို ပုံဖော်၍ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့်မြောက်ဦး ခေတ်တို့က ရခိုင်ရိုးရာဝတ်စုံများဝတ်ဆင်ကာ ရခိုင်မင်္ဂလာစည်တော် အတီး၊ အမှုတ်စုံလင်စွာ ဖြင့် ရခိုင့်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအတိုင်း ပဉ္စမအကြိမ်မြောက်  ရခိုင်ရိုးရာသင်ပုတ်ဆွမ်းတင် ပူဇော်ပွဲကို ကျင်းပခဲ့ကြသည်။

ရခိုင်ရိုးရာသင်ပုတ်ဆွမ်းတင်ပူဇော်ပွဲကို PNG Development You Organization  အသင်းက ဦးဆောင်၍  ရက္ခိတမင်္ဂလာစည်တော်အဖွဲ့နှင့်ရခိုင်၊ ခမီ၊မြို့ တိုင်းရင်းသား လူငယ်၊ မောင်မယ်တို့က ရိုးရာယဉ်ကျေးမှု၏ဝတ်စားဆင်ယင်မှုတို့ဖြင့် ထမင်းထောင်၊ ပန်းထောင်၊ ဆီမီးထောင်များနှင့်အတူ  ရခိုင်မင်္ဂလာစည်တော်များ၊ ရခိုင်တူရိယာများဖြစ်သော ခရုသွင်၊ ဒူမောင်း၊ လင်းခွက်ခရာများ အတီးအမှုတ်စုံလင်စွာဖြင့် နံနက်၊ ၅ နာရီက စံပြရပ်ကွက်၊ PDYO လူငယ်အသင်းရုံးမှ စတင်ကာ သာယာလမ်း၊ အောင်သိဒ္ဒိလမ်းများအတိုင်း  စီတန်းလှည့်လည်ပူဇော်ကြပြီး၊  ဦးရာဇ်တော်ဘုရား တောင်ပေါ်သို့ တပျော်တပါး တက်ရောက်ပူဇော်ခဲ့ကြသည်။

“ ကျွန်တော်တို့ အခုလို ပူဇော်ရခြင်းမှာ ရခိုင်ရိုးရာယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်း စဉ်လာများ မပျောက်ပစေရေး၊ ရခိုင်လူမျိုးတို့၏ ဘာသာရေးအမွေအနှစ်များကို  ထိန်းသိမ်းစောင့်ရှောက် ကြရန်နှင့်တောင်သူလယ်သမားတွေ စပါးဆန်ရေ ပွားများစေဖို့အကျိုးငှာနှင့် သင်ပုတ်ဆွမ်းဆိုတာ  ရခိုင်တောင်သူတို့၏ လယ်မြေမှ  ပထမဦးဆုံးထွက်ရှိလာတဲ့  စပါးကို ရိတ်သိမ်းပြီး၊ ဆန်အဖြစ် ထောင်းဖွတ်ကာ ဦးဦးဖျားဖျား ရွာဦးဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ဓလေ့ကို ဖော်ထုတ်ပြသရခြင်းဖြစ်ပါတယ်” ဟု ဦးဆောင်ကျင်းပသည့် အသင်း ဥက္ကဋ္ဌကိုလင်းမြတ် ကပြောသည်။

ရခိုင်ရိုးရာ သင်ပုတ်ဆွမ်းကို ရှေးရခိုင်ဘုရင်မင်းလက်ထက်က ထမင်းထောင်၊ ပန်းထောင်၊ ဆီမီးထောင်တို့ဖြင့်   သီတင်းကျွတ်လပြည့်နေ့နှင့်  တန်ဆောင်မုန် းလပြည့်နေ့ရက်များတွင် ကောက်သစ်ဆန်ကို ဗုဒ္ဓမြတ်စွာဘုရားရှင်အား ဦးဦးဖျားဖျား ပူဇော်ပူဇော်ကြတဲ့ ရွာလုံးကျွတ် ကန်တော့ပွဲဖြစ်သည်။ ကောက်ဦး ထမင်းကို ကတော့ပုံ သွတ်သွင်းပြီး ခရုချွန်ပုံဖြစ်လာအောင် ကတော့ပုံသင်ပုတ်ဆွမ်း ၃၃ ခုနှင့်ဆွမ်းထမင်းကို စေတီပုံအဖြစ် နယ်နှိပ်ကာ  ဗန်းအလယ်၌ စိုက်ထူ၍ ဘရားကျောင်းကန်ပုထိုးများ၌ တပျော်တပါး ကုသိုလ်ဒါနပြုကြသောသင်ပုတ်ဆွမ်း (ခေါ်)ထမင်းထောင်၊ ပန်းထောင် ကောက်ဦးဆွမ်းဟုလည်း ခေါ်ဆိုခဲ့ကြကြောင်း  စာရေးဆရာ ပဂျီးကျော်(စစ်တွေ)၏ ပြောကြားချက်အရသိရသည်။

 ဆက်လက်၍ ယနေ့ ညနေ ၇ နာရီတွင် ဦးရာဇ်တော်ဘုရားရင်ပြင်တော်၌  ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်ပူဇော်ပွဲနှင့် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်၊  ကင်းလမ်းမတစ်လျောက်၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်အတူ  ရခိုင်၊ ခမီ၊ မြို တိုင်းရင်းသားတို့၏  ရခိုင်ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးများဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)