ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီး၌ (၁၉)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကျင်းပ

ကျိုက်မရော နိုဝင်ဘာ ၁၈


မွန်ပြည်နယ်၊ ကျိုက်မရောမြို့၏ ကျက်သရေဆောင် သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့်ဘုရားကြီး၌ (၁၉)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ည ၆ နာရီက ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးဝင်းအတွင်းရှိ ရက်ကန်းစင်မဏ္ဍပ်၌ ပြုလုပ်ခဲ့သည်။
အဆိုပါ (၁၉)ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ်ပူဇော်ပွဲကို ဘုရားကြီးကျောင်းတိုက်ဆရာတော် ဘုရားကြီးမှ ဦးဆောင်ကာ စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် အလှူ့ဒါယိကာ၊ ဒါယိကာမများက နှစ်စဉ် လာရောက်၍ ရက်လုပ်ပူဇော်ပေးခဲ့ရာ ယခုနှစ်၌ ၁၉ ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်သည်။

မသိုးသင်္ကန်း ရက်လုပ်ပူဇော်နိုင်ရန် ရက်ကန်းစင် ၄ ခု တည်ဆောက်ပေးထားပြီး မန္တလေးတိုင်းမှ ရက်ကန်းအဖွဲ့ ၅ ဖွဲ့မှ လာရောက်ပူဇော် ရက်လုပ်ပေးကြ ကြောင်း သိရသည်။ အဆိုပါ ရက်လုပ်ပြီးသော မသိုးသင်္ကန်းများကို ယနေ့ နံနက် ၅ နာရီ၌ ဆုတောင်းပြည့်ဘုရားကြီးနှင့် အရန်စေတီများ၌ စေတနာရှင် အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများက ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ကျိုက်မရောမြို့ရှိ ဆုတောင်းပြည့်ဘုရားကြီးနှင့် အထင်ကရနေရာများဖြစ်သည့် စံပယ်ဂူတံတား၊ စပယ်ဂူ၊ ဘားဘောင်ဂူဘုရားတို့၌ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘရားဖူးလာပြည်သူများ၊ တန်ဆောင်တိုင်ရုံး ပိတ်ရက် အပန်းဖြေသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)