ကျိုက်မရောမြို့ အတ္တရံမြစ်ကမ်း၌ မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ကျိုက်မရော နိုဝင်ဘာ ၁၈


မွန်ပြည်နယ်၊ ကျိုက်မရောမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲကြီးကို တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သော ယနေ့ နံနက် ၄ နာရီ၌ အတ္တရံမြစ်ကမ်းနားရှိ ရှင်ဥပဂုတ္တမထေရ် မြတ်ကြီးကျောင်းဆောင်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲကို နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ သည်မှာ ယခုနှစ်တွင် (၃၇)ကြိမ်မြောက် ရှိပြီးဖြစ် သည်။ အဆိုပါ ဆွမ်းအိုးမျှောမည့် အတ္တရံမြစ်ကမ်းနား တစ်လျှောက်တွင် နံနက်အာရုဏ်တက်ချိန်မှစ၍ ရှင်ဥပဂုတ္တမထေရ် မြတ်ကြီးအား ရိုသေလေးမြတ် စွာဖြင့် ဆွမ်း၊ ရေချမ်း၊ ဆီမီးဖရောင်တိုင်များ၊ အမွှေးနံသာများဖြင့် ပူဇော်ကန်တော့ကြပြီးနောက် အဆိုပါ ဆွမ်းအိုးများကို အတ္တရံမြစ်ရေတက်လာချိန်တွင် ဒေသခံပြည်သူများက မြစ်အတွင်းသို့ ဆွမ်းအိုးများ မျှောကာ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး၏ ဖောင်တော်ရှေ့တွင် ဆီမီးဖရောင်းတိုင်များ ထွန်းညှိပူဇော် ကြပြီး မိမိတို့အလိုရှိရာ ဆုမွန်ကောင်းများကို ရှင်ဥပဂုတ္တမထေရ်ကြီးထံ ဆုတောင်းခဲ့ကြကြောင်း သိရ သည်။
မြစ်ကမ်းနားတစ်လျှောက် ဆွမ်းအိုးများကို စေတနာ၊ သဒ္ဒါတရားထက်သန်စွာဖြင့် လာရောက်လှူဒါန်းမှု ပြုကြသော ပြည်သူများအား ကျိုက်မရောမြို့ပေါ်ရှိ ရပ်ကွက်များမှ စေတနာရှင် အလှူရှင်များက နံနက်စာ မွန်ရိုးရာမုန့်များ၊ မုန့်ဟင်းခါးများ၊ မယ်ဇလီဖူးသုတ်များ၊ မဲဇလီဟင်းခါးများဖြင့် စတုဒီတာများ ကျွေးမွေးကြရာ ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲတော်ကြီးသို့ ဒေသခံပြည်သူများအပြင် တန်ဆောင်တိုင်ရုံးပိတ်ရက် ဖြစ်သောကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများပါ အတူလာရောက်ဆင်နွှဲကြသဖြင့် မြစ်ကမ်းတစ်လျှောက်တိုးမပေါက်အောင် စည်ကား လျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)