လမိုင်း နိုဝင်ဘာ ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့အတွင်းရှိ ကျိုက်ကေလာသ တန်ခိုးကြီးဘုရားပုထိုးစေတီ၌ တန်ဆောင်မုန်းလပြည့်(တန်ဆောင်တိုင်ပွဲတော်)တွင် ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးပြည်သူများစွာ လာရောက် ဖူးမြှော်စည်ကားလျက်ရှိသည်။
လမိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ သိသာစွာ လျော့နည်းကျဆင်းမှုရှိသော်လည်း ကူးစက်မှုနှုန်း ဟန့်တား ထိန်းချုပ်နိုင်ရေးနှင့် ကိုဗစ်-၁၉ ကာလ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ယူနိုင်ကြစေရန် ကျိုက်ကေလာဿတန်ခိုးကြီးဘုရား၊ ပုထိုးစေတီတွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက် များနှင့် အညီ ဖွင့်လှစ်ပေးထားပြီးဖြစ်ကာ ရဟန်းရှင် လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ ပြည်သူများ ဘုရားရင်ပြင်ပေါ်တွင် ကထိန်သင်္ကန်းကပ် လှည့်လည်ပူဇော်ပွဲများ ပြုလုပ်ပြီး ကုသိုလ်ကောင်းမှု ဆောင်ရွက်မှုများရှိ သကဲ့သို့ မြန်မာလူမျိုးတို့၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့တစ်ခု ဖြစ်သည့် အခါကြီးရက်ကြီး၊ နေ့ထူး၊ နေ့မြတ်များတွင်လည်း ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများ အား အာဟာရဒါန စတုဒိသာများဖြင့် ကျိုက်ကေလာသတန်ခိုးကြီး ဘုရားပုထိုးစေတီတော်ရင်ပြင်၌ ဧည့်ခံ ကျွေးမွေး ကုသိုလ်ယူကြသည်။
ဖြူဖြူအေး(ပြန်/ဆက်)