ကျိန္တလီ နိုဝင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ငါးလုပ်ငန်း ဦးစီးဌာနမှ ရှောက်ကုန်းကျေးရွာအုပ်စု၊ လက်ပံခုံ ကျေးရွာ ဦးမြင့်နိုင် (ကမ်းနီးငါးဖမ်းလုပ်ငန်းရှင်)၏ ပိုက်စခန်းတွင် ယမန်နေ့ နံနက် (၈)နာရီအချိန်က သယံဇာတ ထိန်းသိမ်းရေး ပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပညာပေးဟောပြောပွဲ ဆောင်ရွက်ရာတွင် ကျိန္တလီမြို့၊ ငါးလုပ်ငန်း ဦးစီးဌာနမှ မြို့ဦးစီးဌာနမှူး ဦးကိုကိုနိုင်က ပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော ငါးလုပ်ငန်း လုပ်ကိုင်သူများအား ယခုယခါ ကမ္ဘာ့စားသုံးသူဦးရေ တိုးပွားလာမှုကြောင့် စားနပ်ရိက္ခာအတွက် ရေနေသတ္တဝါများ ပိုမိုဖမ်းဆီးလာခြင်း၊ ဖမ်းဆီးရေးစနစ် မြင့်မားလာမှုနှင့်အတူ ငါးများကို ယခင်ကထက်ပိုမို ဖမ်းဆီးလာနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်ယွင်းလာခြင်းတို့ကြောင့် ပင်လယ်၊ မြစ်ချောင်းတွေမှာ ယခင်ကထက် သယံဇာတများ ရှားပါးလာခြင်းနှင့် ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။
ဆက်လက်၍ လက်ထောက်ဦးစီးမှူး ဦးဖြိုးဝေလင်းက မိမိတို့ ငါးလုပ်ငန်း ဦးစီးဌာန အနေဖြင့် ရေထွက်သယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေး အတွက် ရေနေသတ္တဝါများအား ဖမ်းဆီးခြင်းများနှင့် စုဆောင်းရောင်းဝယ်ရေး ကဏ္ဍတိုင်းတွင် သတ်မှတ် အရွယ်အစားနှင့် တားမြစ်ထားသော ရေနေသတ္တဝါများ ဖမ်းဆီးခြင်း ရောင်းဝယ်တင်ပို့ခြင်းဖြင့် သေးငယ်သော အရွယ်မရောက်သေးသည့် ရေသတ္တဝါများ ဆုံးရှုံးရခြင်း၊ ငါးသယံဇာတပြုန်းတီးမှုကို ဖြစ်ပေါ်စေနိုင်ခြင်း၊ အကျိုးဆက်အနေဖြင့် သားငါးထုတ်လုပ်မှု ကျဆင်းပြီး ငါးရိက္ခာဖူလုံစွာ စားသုံးနိုင်ရေးတို့ကို အထောက်အကူ မပြုတော့ဘဲ အလွှာအသီးသီးတွင် လူမှုစီးပွားဘဝကို ထိခိုက်လာနိုင်မည် ဖြစ်ပြောကြား ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျိန္တလီမြို့ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယလက်ထောက် ဦးစီးမှူး ဦးကျော်နိုင်ထူးက ရေသယံဇာတ ရှားပါးခြင်းဖြစ်ပေါ်စေသော အကြောင်းအရားများ၊ ရှောင်ကြဉ်သင့်သည့် အချက်များ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ကိုင်းတောကွင်း ကမ်းခြေတွင် ပလပ်စတစ် စွန့်ပစ်ပစ္စည်းများကြောင့် ငါးနှင့်အခြား ရေနေသတ္တဝါများ သေကြေပျက်စီးမှု ဖြစ်ပေါ်ပြီး ငါးမျိုးပြုန်းတီးမှု အန္တရာယ်နှင့် ကြုံတွေ့လာနိုင်သဖြင့် လူတို့၏ စည်းကမ်းမဲ့စွန့်ပစ်ထားသော ပလပ်စတစ် စွန့်ပစ်ပစ္စည်းများ ငါးဖမ်းပိုက်စစွန့်ပစ်ပစ္စည်းများကို ပြည်သူများနှင့် အတူပူးပေါင်း၍ ရှင်းလင်းဖယ်ရှား ခဲ့ကြောင်း သိရသည်။
ခိုင်မိုးမင်း(ပြန်/ဆက်)