ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဆောင်းရာသီအားကစားပွဲတော် အထိမ်းအမှတ် အခြေခံရေကူးသင်တန်း အား ဖွင့်လှစ်ပေးပြီး တန်ဆောင်‌တိုင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား နိုဝင်ဘာ ၁၇

ကချင်ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ပြည်နယ် ရေကူးဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ဆောင်းရာသီ အားကစားပွဲတော် အထိမ်းအမှတ် အခြေခံရေကူး သင်တန်းဖွင့်ပွဲအား ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မနောဧရာ ရေကူးအားကစား လေ့ကျင့်ရေးကန်တွင် ကျင်းပပြုလုပ်သည်။

ဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ် တရားသူကြီးချုပ် ဦးတူးဂျာနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများအား ရေကူး သင်တန်းသား/သူများက ဂါဝရပြု မိတ်ဆက်သည်။ ထို့နောက် ပြည်နယ် ရေကူးဆပ် ကော်မတီဥက္ကဋ္ဌ ဦးသောင်းကြည်မှ ရေကူးသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

အဲ့ဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က  "ရေကူးအားကစားနည်းဟာ လူတိုင်းတတ်ထားသင့်တဲ့ အားကစားနည်း တစ်ခုဖြစ်ပြီး အစဉ်အမြဲ လေ့ကျင့်ကူးခတ်နိုင်ပါက ကိုယ်နေဟန်ထား လှပခြင်း၊ အဆီကျခြင်း၊ သက်လုံကောင်းခြင်း၊ အဆုတ်အားကောင်းခြင်းတို့အပြင် ရေပြင်‌၌ အရေးကြုံ လာပါကလည်း မိမိအသက်ကို ကယ်တင်နိုင်တဲ့ အားကစားနည်းတစ်ခုဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ဂရုတစိုက်လေ့ကျင့်သင်ယူပြီး ရေကူးအားကစားနည်း ကျွမ်းကျင်သူများ ဖြစ်လာအောင် ကြိုးစားကြဖို့ တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကူးအားကစားနည်း သရုပ်ပြသမှုအား အားပေး ကြည့်ရှုခဲ့ကြသည်။ အဆိုပါရေကူးသင်တန်းကို ပြည်နယ်ရေကူး အားကစားနည်း ဆပ်ကော်မတီက  အခမဲ့သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းသား/သူ  ၅၂ ဦးအား နိုဝင်ဘာလ ၁၆ ရက်နေ့ မှ ၃ဝ ရက်နေ့အထိ  ရက်သတ္တပတ် ၂ ပတ်ကြာ လေ့ကျင့်သင်ကြားပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည်  မွန်းလွဲ ၂ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမတွင် တန်ဆောင်‌တိုင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။‌

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က  တန်ဆောင်တိုင်ပွဲတော်အထိမ်းအမှတ် ဆီမီးထွန်းညှိခြင်း၊ ဆီမီးမျှော၍ပူဇော်ခြင်း၊ စတုဒိသာကျွေးမွေးခြင်းတို့အား ထုံးတမ်းစဉ်လာနှင့်အညီ ပြုလုပ် ကျင်းပနိုင်ရေး အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။ ယင်းနောက် ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးမှ တန်ဆောင်တိုင်ပွဲတော်အတွင်း ဘုရားစေတီ များတွင် ဆီမီးထွန်းညှိ ပူ‌ဇော်ခြင်း၊ ရှင်ဥပဂုတ္တ ဖောင်တော်မျှောခြင်း၊ ဆီမီးမျှော၍ ပူဇော်ခြင်း၊ မီးအလှထွန်းညှိခြင်း၊ စတုဒိသာ ကျွေးမွေးခြင်း အစရှိသည်တို့အား ပြုလုပ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက် လျက်ရှိသည့် အခြေအနေ များအား ရှင်းလင်းတင်ပြရာ  ပြည်နယ် ဝန်ကြီးများက လိုအပ်သည်များအား ဖြည့်စွက် တင်ပြ ဆွေးနွေးသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အစိုးရအဖွဲ့၏ တန်ဆောင်တိုင် ပွဲတော်ကျင်းပရာတွင် လုံခြုံရေး၊ မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေး  အုပ်ချုပ်မှု ကိစ္စအဝဝ အဆင်ပြေ ချောမွေ့စေရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ပူးပေါင်း၍ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လမ်းညွှန် မှာကြား ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)