ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ထန်းတပင်(ရန်ကုန်)  နိုဝင်ဘာ ၁၆

စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားထားသည့် “လူငယ်များကိုပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေ ချစ်မြတ်နိုးသူများ အဖွဲ့ဝင်များ စုပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များ နှင့် အညီ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဆုလှိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းဥက္ကဋ္ဌ ဦးမြင့်သောင်း ဦးဆောင်၍ စာပေချစ် မြတ်နိုးသူအဖွဲ့ဝင်များက စာရေးဆရာ နတ်သျှင်(ရွှေဂူ)ရေးသားထားသည့် “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်မှ မိတ်ဆွေကောင်းနှင့်ခရီးသွားပါ၊ ပတ်ဝန်းကျင်ကောင်းကိုတန်ဖိုးထားပါ၊ စကား အန္တရာယ်၊ လူငယ်နှင့် ရွှေရောင်အနာဂတ်ဆီသို့နှင့် လူငယ်နှင့်အပေါင်းအသင်းခေါင်းစဉ်များ ကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စာပေချစ်မြတ်နိုးသူအဖွဲ့ဝင်များက တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပြီး စာပေကိုချစ်မြတ် နိုးသူများနှင့် စာဖတ်ပရိသတ်များအတွက် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ပေးလျက်ရှိသည့်အပြင် ပြည်သူ့ စာကြည့်တိုက် Facebook Page တွင်လည်း Talk Show အသိပညာပေးခြင်း၊ စာအုပ် မိတ်ဆက်၊ ပုံပြော၊ ကဗျာရွတ်များ စီစဉ်တင်ဆက်ခြင်းနှင့် ပြည်သူ့စာကြည့်တိုက်တွင်လည်း သုတ၊ ရသစာအုပ် စာစောင်မျိုးစုံတို့ကိုလည်း စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုနိုင်ရေး ဝန်ဆောင်မှုများ ကို ပေးလျက်ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)