မိုင်းဆတ် နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ စာအုပ် စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့်ပူးပေါင်း၍ ယနေ့မွန်းလွဲ (၁) နာရီအချိန်က စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ၏ “ကိုယ်ပဲလူကြီး ကိုယ်ပဲကလေး” စာအုပ်ဖြင့် လူထုအခြေပြု ဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက မျိုးဆက်သစ် လူငယ်များ စာဖတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
စာဖတ်ဝိုင်းတွင် စာရေးဆရာမဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ၏ “ကိုယ်ပဲ လူကြီးကိုယ်ပဲကလေး” စာအုပ်ထဲမှ လူကြီးဖြစ်စေလူငယ်ဖြစ်စေ ဘဝခရီးလျှောက်လှမ်းရာတွင် လည်းကောင်း၊ သံသရာတွင်စုန်မျှောကြရာတွင်လည်းကောင်း၊ အားကိုးအားထားပြုနိုင်သည့် ကုသိုလ်အကျိုးတရားများ များနိုင်သမျှများလေအောင် ကိုယ့်ဘာသာ ဆောင်ရွက်ကြရကြောင်း၊ တိုးတက်ချင်သလား၊ တိုးတက်စေနိုင်သော အလုပ်များကို နည်းစနစ်မှန်ကန်စွာ လုပ်နိုင်ရန်နှင့် လေ့လာသုံးသပ်ရန်လိုကြောင်း၊ လက်တွေ့အားဖြင့်လည်း ကျင့်ကြံဆောင်ရွက်ရန် လိုအပ် ကြောင်း၊ မိမိလုပ်ချင်သော လုပ်သင့်သော အလုပ်များကို လုပ်ဖြစ်အောင်ကြိုးစား လုပ်ဆောင်တတ်သည့် ဝီရိယပြင်းထန်သူသည် ထိုအလုပ်၏အကျိုးများကို မိနစ်တိုင်း စက္ကန့်တိုင်းတွင် စုဆောင်းမိမှာဖြစ်ကြောင်း၊ ကြုံတွေ့ရသည့်အတားအဆီး၊ အခက်အခဲများကို လွယ်ကူစွာ ရှောင်ကွင်း၍ တိုးတက်အောင် ဆက်လက်လုပ်ဆောင်သင့်ကြောင်း စသည့်အချက်များကို စာအုပ်စာပေချစ်မြတ်နိုးသူ အသင်းဝင်များက ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည်များ မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)