ဘူးသီးတောင်မြို့၌ (၁၄)ကြိမ်မြောက်မြို့နယ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

ဘူးသီးတောင် နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ စုပေါင်း၍ စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့ မြို့မဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် ဘူးသီးတောင်မြို့နယ် အေးစေတီကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသောမထံမှ အခမ်းအနား တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္စျာယ် တော်မူကြပြီး ပင့်သံဃာတော်တို့အား ကထိန်ရည်မှန်း မြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဘူးသီးတောင်မြို့နယ် သံဃာနယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတေဇောဘာသ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါ (၁၄)ကြိမ်မြောက် မြို့နယ်စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ပင့်သံဃာ(၁၄)ပါးတို့အား ကထိန်မသင်္ကန်းနှင့် ငွေပဒေသပင်(၂)ပင်၊ လှူဖွယ်ပစ္စည်းနှင့် ဝတ္တုငွေ၊ တန်ဖိုးငွေကျပ်(၄၉၇၀၀၀၀)ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)