တုံတာ ဩဂုတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၌ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော ငွေကျပ် ၂၀၀၀၀ အား တာဝန်ရှိသူများက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ ထံသို့ လက်ဝယ်အရောက်သွားရောက် ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက တုံတာမြို့ပေါ် ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများ၊ သက်ကြီးရွယ်အိုများ၊ လက်လုပ်လက်စားလုပ်ကိုင်စား သောက်နေရသော အိမ်ထောင်စုများ၏ လက်ဝယ်အရောက် မြို့အုပ်ချုပ်ရေးမှူး ဦးဆလိုင်းတင့်နိုင်ဝင်း နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
တုံတာမြို့တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စု ၃၃ စုရှိရာ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စာရင်းဝင်အိမ်ထောင်စုများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)