ရန်ကုန် နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဓနုတ်စံပြကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ဓနုတ် စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင် ဆီမီး ၅၀၀၀ ထွန်းညှိပူဇော်ခြင်းနှင့် ရွှေကြာ ငွေကြာ သင်္ကန်းကပ်လှူပူဇော်ပွဲကို တန်ဆောင်တိုင်လပြည့်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌထံမှ သိရသည်။
“အဘတို့ စေတီတော်မြတ်ကြီးမှာ တန်ဆောင်တိုင်လပြည့်နေ့ နံနက်ပိုင်းမှာ ရွှေကြာငွေကြာ သင်္ကန်း ဆက်ကပ် ပူဇော်ဖို့နဲ့ ညပိုင်းမှာ ဆီမီး ၅၀၀၀ ပူဇော်ဖို့အတွက် စီစဉ်ထားတယ်၊ စေတီတော်မြတ်ကြီးရဲ့ ငှက်ပျော်ဖူးကို ရွှေရောင် စတီးပြာ ကပ်လှူထားတာ အနေကဇာတင်ပူဇော် သွားမှာဖြစ်ပါတယ်၊ သီတင်းကျွတ် လပြည့်တုန်းက ပဌာန်းရွတ်ဖတ်ပူဇော်ပွဲနဲ့ ဆီမီးပူဇော်ပွဲပဲ ကျင်းပပြုလုပ်ခဲ့တယ်၊ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာ ပြည်သူများအနေနဲ့ လာရောက်ဖူးမြော် နိုင်အောင် စေတီတော်မြတ်ကြီးကို နေ့စဉ် နံနက် ၅ နာရီ ကနေ ည ၈ နာရီ အချိန်ထိ ပြန်လည်ဖွင့်လှစ်ပေးထားပါတယ်” ဟု ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြသွေးက ပြောသည်။
ဆံတော်ရှင် ကျိုက်ဓနုတ်စေတီတော်မြတ်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၂၃၀၀ ကျော်ခန့်မှစ၍ ဟံသာဝတီမင်းအဆက်ဆက် တည်ထားပြုပြင်ကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် စေတီတော် မြတ်ကြီး တစ်ဆူဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။ ထို့အတူ ခေတ်အဆက်ဆက် အစိုးရ အဆက်ဆက် ထိန်းသိမ်းပြုပြင်မွမ်းမံဆောင်ရွက်ခဲ့သည့် စေတီတစ်ဆူဖြစ်ပြီး ယနေ့အချိန်တွင် စေတီ၏ ဥာဏ်တော်အမြင့် ၁၉၈ ပေ၊ လုံးပတ်တော် ၂၄၄ ပေကျော် နှင့် ဖိနပ်တော် ပေ ၄၉၀ ကျော်ရှိကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဆံတော်ရှင် ကျိုက်ဓနုတ်စေတီတော်မြတ်ကြီးသို့ လာရောက် ဖူးမြော်လိုပါက ရန်ကုန်မြို့(ပန်းဆိုးတန်း) ဆိပ်ကမ်းမှ တစ်ဆင့် လာရောက်နိုင်ပြီး ဒလမြို့နယ် နာရီစင်အဝိုင်းမှ ဓနုတ်စေတီသွား ကားလမ်းမကြီးအတိုင်း သွားပါက ၁၂ မိုင် ခရီးသာ ကွာဝေးကြောင်း သိရသည်။ လက်ရှိ အချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း တစ်ဖြည်း ဖြည်းလျော့နည်းကျဆင်းလာခြင်းကြောင့် အနယ်နယ် အရပ်ရပ်က ဘုရားဖူးလာ ပြည်သူများ ဝင်ရောက်လည်ပတ်ဖူးမြော်နိုင်ရန် စေတီတော်မြတ်ကြီးအား ဖွင့်လှစ်ထား ရှိကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(IPRD)