မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအား တန်ဖိုးသင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၁၆

ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာ စွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏ စီစဉ်မှုဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အတွင်း၌ ယမန်နေ့ နံနက်ပိုင်းက ဆန်၊ ဆီသယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်ဖြင့် မြို့နယ်နေ ပြည်သူများ အား‌ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် သားငါးများကို ဈေးနှုန်းသင့်တင့်စွာ လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ရောင်းချပေးရာတွင် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူနိုင်ရေးအတွက် ဆန်ကြမ်း (၁)ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် (၅)ပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၅၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ပေါ်ဆန်း (၁)ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် (၅)ပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၈၅၀၀ နှုန်းဖြင့်လည်းကောင်း ဆီ ၅၀ သား တစ်ဘူးကို ငွေကျပ် ၁၈၅၀ ဖြင့်လည်းကောင်း စုစုပေါင်း ဆန်အိတ် ၃၂၀ အိတ်၊  ဆီဘူး ၃၀၀၊ ဆိတ်သား ပိဿာအချိန် ၂၀ နှင့် အမဲသား ၁၅ ပိဿာတို့ကို ဆမားဒူးဝါး ရပ်ကွက်တွင် မြို့နယ်နေ ပြည်သူများအား ရောင်းချပေးခဲ့ရာ မြို့နယ်တာဝန်ရှိသူများ၊ စည်ပင်သာယာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ဝေယံ(IPRD)