သီပေါ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ပညာရေးဝန်ထမ်း တစ်ဦး၏ ရင်တွင်းစကားသံကို ပြည်သူများ သိရှိလိုက်နာ နေထိုင် တတ်စေရန် ရည်ရွယ်၍ ဖော်ပြ ပေးလိုက်ရပါသည်-
ကျွန်မအမည်က ဒေါ်မြနန္ဒာဖြစ်ပါတယ်။ အသက်က(၂၈)နှစ်ပါ။ သီပေါမြို့ ပန်းတိမ်တောင် ရပ်ကွက်မှာ နေထိုင်ပါတယ်။ ပညာရေး ဝန်ထမ်း ဖြစ်ပါတယ်။ ကျွန်မ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးကို ဩဂုတ်လမှာ ပထမအကြိမ် ထိုးနှံမှုခံယူပါတယ်။ လက်မောင်း လေး နည်းနည်းအောင့်ပြီး ခေါင်းကိုက်ပါတယ်။ ကာကွယ်ဆေး သွားထိုးတုန်းက ကျန်းမာရေးဝန်ထမ်းတွေ ပေးလိုက်တဲ့ Paracetamol ကို တစ်ခါ သောက်ပြီး သက်သာသွားပါတယ်။ ဒုတိယအကြိမ်ကို စက်တင်ဘာလမှာ ထိုးနှံပါတယ်။ အဲ့ဒီအခါကြ တော့ ဘာမှ မဖြစ်တော့ဘူးရှင့်။ ဘယ်လိုမှလည်း မခံစားရတော့ဘူး။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခွင့်ရလို့ သက်ဆိုင်ရာ တာဝန်ရှိသူများ နဲ့ ထိုးနှံပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အရမ်း ကျေးဇူးတင်မိပါတယ်။ အဲ့လို ကာကွယ်ဆေး ထိုးထားတော့ ခုချိန် ကျောင်းတွေပြန်ဖွင့်ချိန် စာသင်ကြားရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရှိနဲ့စာသင်ကြားနိုင်မှာ မို့လို့ပါ။ အခုဆို အသက်(၁၂)နှစ်နဲ့အထက် အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေပြီ ဖြစ်တဲ့အတွက် ဆရာနဲ့တပည့် သင်ကြားသင်ယူမှုအပိုင်းမှာ စိတ်ချလက်ချဖြစ်ပြီး ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ပြီပေါ့ရှင်။ ဒါကြောင့် ကာကွယ်ဆေး ထိုးနှံမှု မခံယူသူတွေကို ပြောပြချင်ပါတယ်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးဖြစ်အောင်ထိုးကြပါ။ အဲ့ဒီရောဂါ ကြောင့် မိသားစုအတွင်းနဲ့ ပတ်ဝန်းကျင်မှာပါ စိုးရိမ် ထိတ်လန့်မှု၊ ဝမ်းနည်းမှု၊ နစ်နာမှု၊ ဆုံးရှုံးမှု တွေ မဖြစ်ပေါ်ရအောင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံကြပါလို့ တိုက်တွန်း ပြောကြား လိုက်ပါတယ်ရှင်။
ခင်လေး(သီပေါ၊ပြန်/ဆက်)