လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၄၀)နှစ်အထက်ပြည်သူ(၅၄၄၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ်အဖြစ် ထိုးနှံပေးပြီး

လယ်ဝေး       နိုဝင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၄၀)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး(Sinopharm)ကို စတုတ္ထအသုတ် ပထမ အကြိမ်အဖြစ် လူဦးရေ(၅၄၄၀)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယနေ့နံနက်(၉)နာရီကလည်း လယ်ဝေး မြို့ အားကစားလေ့ကျင့်ရေးစခန်း အမှတ်(၂)တွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင်တိုင်းတာပေးခြင်းများ ပြုလုပ်ပြီး အလှည့်ကျ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာကျန်းမာရေး ဌာနဝန်ထမ်းများနှင့်တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ သည်။

လယ်ဝေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးစင်တာ၊ တိုက်နယ်ဆေးရုံများ၊ ကျေးရွာကျန်းမာရေးဌာနခွဲများတွင် နိုဝင်ဘာ (၁၅)ရက်နေ့အထိ အသက်(၁၂)နှစ် အထက် ကျောင်းသားကျောင်းသူ(၁၉၃၉၀)ဦး၊ အသက်ကြီးသူများ၊ဦးတည်အုပ်စုအလိုက် ပြည်သူ (၅၄၄၄၅)ဦး တို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)