ဆီဆိုင်မြို့နယ်တွင် Local Semi-Lockdown ကာလသတ်မှတ်ရက်ထပ်မံတိုးမြှင့်

ဆီဆိုင် နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ် နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ မြို့ပေါ်(၆) ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၁၃)အုပ်စု၏ နယ်နိမိတ်ဧရိယာအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်နှံ့မှု မရှိစေရေးအတွက် Local Semi-Lockdown ကာလသတ်မှတ်ရက် ထပ်မံတိုးမြှင့်ကြောင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ၊ ဆီဆိုင်မြို့၏ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်၊ ရက်စွဲပါအမိန့်စာအမှတ် (၃/၂၀၂၁)ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

ထိုသို့ Local Semi-Lockdown ကာလသတ်မှတ်ရက် ထပ်မံတိုးမြှင့် ထုတ်ပြန်ရာတွင် မိမိနေအိမ်တွင်နေထိုင်ရန်၊ (အစိုးရဌာန၊ အဖွဲ့ အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမပါ)၊ မဖြစ်မနေ ဈေးဝယ်ထွက်ရန်၊ အပြင်ထွက်ရန် ရှိပါက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ အပြင်ထွက်ခွင့် ကဒ်ပြား ရယူ၍ တစ်အိမ်လျှင် (၁) ဦးသာ နေအိမ်ပြင်ပသို့ ထွက်ခွာကြရန်၊ (နေ့စဉ်မွန်းလွဲ ၂ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီချိန်အတွင်း ကျန်းမာရေး အရေးပေါ်ကိစ္စများမှအပ နေအိမ်ပြင်ပသို့ လုံးဝထွက်ခွာခြင်း မပြုရန်နှင့် မိမိနေအိမ်တွင်သာနေထိုင်ရန်)၊ ဆေးရုံ၊ ဆေးခန်းသွား ရောက်ရန်ရှိပါက အုပ်ချုပ်ရေးမှူးထံအကြောင်းကြား၍ ယာဉ်မောင်း(၁)ဦး အပါအဝင် (၃)ဦးသာ သွားရောက်ရန်၊ ကိုဗစ် ကာကွယ်ဆေးထိုးနှံရန်အတွက် နေအိမ်ပြင်ပထွက်ခွာပါက ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၏ထောက်ခံချက် တစ်ပါတည်းယူဆောင်လာရန်၊ နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ရန်၊ စားသောက်ဆိုင်များ အားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ မွန်းလွဲ ၂ နာရီမှစ၍ ဆေးဆိုင်များ၊ ဆေးခန်းများ၊ စက်သုံးဆီ ဆိုင်များမှအပ မည်သည့် ဈေးဆိုင်မှ ဖွင့်လှစ်ရောင်းချခြင်းမပြုရန်၊  မြို့နယ်ဧရိယာ အတွင်းရှိ ဆည်၊ ချောင်း၊ အင်းများတွင် Local Semi-lockdown ကာလအတွင်း (၃)ဦးထက်ပို၍ ရေချိုး ခြင်း၊ ရေကူးခြင်း၊ ငါးမျှားခြင်း၊  လည်ပတ်ခြင်းမပြုရ၊ တာဝန် ထမ်းဆောင်ရန် သွားရောက် ပြန်လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များ၊ နာရေးကူညီရေးအသင်းများ၊ လူနာတင်ယာဉ်များ ကိုသာ ရပ်ကွက်/ကျေးရွာအုပ်စု ကျော်လွန်သွားလာခွင့်ပြုရန်၊ အခြားမြို့နယ်များမှ ဆီဆိုင် မြို့နယ် နယ်နိမိတ်ဧရိယာအတွင်းသို့  ဖြတ်သန်းမောင်းနှင်မည့် မော်တော်ယာဉ်များအားလုံး ရပ်နားခြင်း လုံးဝ (လုံးဝ)ခွင့်မပြုရန်၊ မိဘပြည်သူများအနေဖြင့်လည်း Local Semi-lockdown ကာလအတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် သတ်မှတ်ထားသော အချိန်အတွင်း ဝင်ထွက်သွားလာရန်၊ အခါကြီးရက်ကြီးနေ့များ၌ လည်းကောင်း၊ အခြားနေ့ရက်များ၌လည်းကောင်း၊ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များအတွက် မော်တော်ယာဉ်များပေါ်တွင် အိုးစည်၊ ဗုံမောင်းများဖြင့် စုဝေးသွားလာခြင်းမပြုရ။ အထက် ဖော်ပြပါ တားမြစ်ချက်များအား လိုက်နာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက စီမံခန့်ခွဲရေး နည်းလမ်းအရလည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ လည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် Local Semi-Lock downကို နိုဝင်ဘာလ(၁)ရက်နေ့မှ နိုဝင်ဘာလ (၁၄) ရက်နေ့အထိ သတ်မှတ်ပြီးဖြစ်ရာ လတ်တလောအခြေအနေအရ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှု မရှိစေရေးအတွက် စောင့်ကြည့်ထိန်းချုပ်ရန်လိုအပ်၍ Local Semi-Lock down ကာလကို  နိုဝင်ဘာလ (၁၆) ရက်နေ့မှ နိုဝင်ဘာလ (၂၂) ရက်နေ့အထိ ထပ်မံတိုးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)