ရှောက်သံပရာမျိုးနွယ် ကိုင်းကူးကိုင်းဆက်ခြင်းနှင့် ပိုးသတ်ဆေး၊ သဘာဝမြေဩဇာ ပြုလုပ်ပုံ လက်တွေ့သင်တန်းပေး

နောင်မွန်း   နိုဝင်ဘာ    ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌ သီးနှံပင် ကိုင်းကူးကိုင်းဆက် နည်းပညာဖြင့်‌ တောင်သူများ၏ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် ရှောက်သံပရာမျိုးနွယ် ကိုင်းကူး ကိုင်းဆက်ခြင်းနှင့် ပိုးသတ်ဆေး၊ သဘာဝမြေဩဇာ ပြုလုပ်ပုံ သင်တန်းပေးခြင်းကို ယနေ့ နံနက် ၈နာရီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပျိုးဥယာဉ်ခြံ၌ လက်တွေ့သရုပ်ပြ သင်ကြားပေးခဲ့ကြောင်း သိရသည်။

သရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်က လက်တွေ့သရုပ်ပြ သင်ကြားပေးခြင်းကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူ၍ လက်တွေ့အသုံးချရန် အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစကျော်သက်ထွေးက လက်တွေ့သရုပ်ပြ သင်ကြား‌ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် သီးနှံပင်များ ကိုင်းကူးကိုင်းဆက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိဆောင်ရွက်ကြရန်ဆွေးနွေးဟောပြောသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒု‌တိယလက်ထောက်ဦးစီးမှူး ဒေါ်ကွမ်ရိန်ဆာရာက စားဖိုဆောင်သုံး ငရုပ်သီး၊ ကြက်သွန်ဖြူများဖြင့် သဘာဝပိုးသတ်ဆေး ပြုလုပ်ပုံကို လည်းကောင်း၊ လက်ထောက်ဦးစီးမှူး ဦးဝင်းဦးက စပါးခွံသဘာဝဓါတ်မြေဩဇာ ပြုလုပ်ပုံက လည်းကောင်း၊ လက်‌ထောက်ဦးစီးမှူး ဦးအဝါလ်ဆင်ရမ်က ရှောက်သံပရာမျိုးနွယ် ကိုင်းကူးကိုင်းဆက် ပြုလုပ်ပုံကိုလည်းကောင်း အသီးသီးလက်တွေ့ သင်ကြားပေးခဲ့ပြီး တက်ရောက်လာသည့် တောင်သူများက ထပ်မံသိရှိလိုသည်များကို မေးမြန်း၍ ကိုင်းကူးကိုင်းဆက်နည်း၊ သဘာဝပိုးသတ်‌ဆေးနှင့် သဘာဝမြေဩဇာပြုလုပ်နည်းတို့ကို လက်တွေ့ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။