စစ်တွေ နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ဂျန်ပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးအထူးကိုယ်စား လှယ်၊ ဂျပန်နိုင်ငံ The Nippon Foundation အဖွဲ့ဥက္ကဋ္ဌ၊ Mr. Yohei Sasa Kawa နှင့်အဖွဲ့တွေ့ဆုံ သည်။
တွေ့ဆုံစဉ် ဂျပန်နိုင်ငံ The Nippon Foundation မှ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှုအကူညီ ပေးနေမှုအခြေအနေများ၊ အခြေခံပညာ ကျောင်းများ ဆောက်လုပ်ပေးခဲ့မှု အခြေအနေများ၊ ဆေးပစ္စည်းများထောက်ပံ့ပေးခဲ့မှုများနှင့် ဂျပန်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ လှူဒါန်းပေးမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဂျပန်နိုင်ငံ The Nippon Foundation အဖွဲ့ဥက္ကဋ္ဌ၊ Mr. Yohei Sasa Kawa နှင့်အဖွဲ့ သည် စစ်တွေမြို့၊ မကျည်းမြိုက်ရပ်ကွက်ရှိ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း တိုက်ပွဲရှောင်စခန်း၊ မင်းဂံရပ်ကွက်ရှိ ဥဿလင်းဘုန်းတော်ကြီး တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး တိုက်ပွဲရှောင် စခန်းရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအခြေနေ၊ နေထိုင်စားသောက်မှု အခြေ အနေနှင့် နေရပ်ပြန်နိုင်ရေးအခြေအနေတို့ကို မေးမြန်ကြသည်။ ဆက်လက်၍ ဂျပန်နိုင်ငံ The Nippon Foundation အဖွဲ့ဥက္ကဋ္ဌ၊ Mr. Yohei Sasa Kawa နှင့်အဖွဲ့သည် စစ်တွေမြို့ ၊ သက္ကယ်ပြင် IDPS စခန်းရှိ ပြည်သူများအား သွားရောက်တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအခြေနေ၊ နေထိုင်စား သောက်မှုအခြေအနေနှင့် ခရီးသွားလာခွင့်ရရှိရေး အခြေအနေတို့ကို တွေ့ဆုံမေးမြန်းကာ စခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။
နေ့လည်ပိုင်းတွင် ဂျပန်နိုင်ငံThe Nippon Foundation အဖွဲ့ဥက္ကဋ္ဌ၊ Mr. Yohei Sasa Kawa နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၌ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦးနှင့် လည်းကောင်း၊ ရခိုင်အမျိုးသားပါတီ(ANP)မှ တာဝန်ရှိသူများနှင့်လည်း ကောင်း သီးခြားစီတွေ့ဆုံသည်။
ထို့နောက် ဂျပန်နိုင်ငံThe Nippon Foundation အဖွဲ့ဥက္ကဋ္ဌ၊ Mr. Yohei Sasa Kawa သည် ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာ၌ ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာများနှင့် တွေ့ဆုံပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)