တုံတာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အသိပညာပေးနှိုးဆော်

တုံတာ   နိုဝင်ဘာ   ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးနှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက တုံတာမြို့ပေါ် ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက တုံတာမြို့ပေါ်တွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ထွက်ခွာမည် ဆိုပါက နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်သွားလာကြ ရန်၊ အပြင်မှ ပြန်လာပါကလည်း မိသားစုများနှင့်မထိတွေ့မီ နှာခေါင်းစည်းများကို အမှိုက်ပုံးထဲသို့ စနစ်တကျ လွှင့်ပစ်ရန်နှင့် လက်များကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ကြာအောင် ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ခပ်ခွာခွာနေရန်၊ မိမိနေအိမ်သို့ ပြင်ပမှ ဧည့်သည်များလက်မခံရန်၊ မိမိအနေဖြင့်လည်း အခြားသူများအိမ်သို့ ဝင် ထွက်သွားလာခြင်းများ ရှောင်ကြဉ်ကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စနစ်တကျ သွားရောက်ထိုးနှံကြ ရန် အသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

ထို့အပြင် မိမိအနေဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများ အနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို စနစ်တကျ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြပါရန် အသိပညာပေး လှည့်လည်နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

လှိုင်လှိုင်ငြိမ်း