မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အသံချဲ့စက်ဖြင့် နှိုးဆော် ဆောင်ရွက်လျက်ရှိ

မြင်းခြံ နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား မြို့နယ်အတွင်း၌ လှည့်လည်အသိပေးနှိုးဆော်လျက်ရှိသည်။

အသိပေးနှိုးဆော်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့် နာရေးကူညီမှု အသင်းတို့ ပူးပေါင်း၍ အများပြည်သူများ အနေဖြင့် အတတ်နိုင်ဆုံး မိမိတို့ နေအိမ်များ၌သာ နေထိုင်ကြရန်၊ မဖြစ်မနေ အပြင်သို့ထွက်ခွာပါက နှာခေါင်းစည်း(Mask)များ မဖြစ် မနေတပ်ဆင်ကြရန်နှင့် မကြာခဏ လက်ဆေးကြရန်၊ လူစုလူဝေးပြုမူခြင်းများအား ရှောင်ကျဉ်ကြ ရန်၊ ရပ်ဝေးရပ်နီး ဧည့်သည်များအား လက်ခံခြင်းမပြုရန်၊ မိမိတို့ကိုယ်တိုင် ဖျားခြင်း၊နာခြင်း၊ ကိုဗစ်-၁၉ရောဂါ လက္ခဏာများဖြစ်ပွားခြင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ခံရသည်ဟု သံသယ ရှိပါက နီးစပ်ရာ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများနှင့် ကျန်းမာရေးဌာနများသို့ သတင်းပို့ ဆောင်ရွက်ရန် တို့အား အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

ထို့နောက် မြင်းခြံမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးကို ထိခိုက်စေနိုင်သည့် အကြမ်းဖက်လုပ်ရပ်များ လျော့နည်းလာပြီး အေးချမ်း တည်ငြိမ် လာသည့်အတွက်  အများပြည်သူများအား စိတ်အေးချမ်းသာစွာ သွားလာလုပ်ကိုင် စားသောက်နိုင်စေရန် အတွက် ညမထွက်ရအမိန့်အား ည (၁၀) နာရီမှ နံနက် (၄) နာရီအထိ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း အများပြည်သူ သိရှိစေရန် ကြေညာပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)