ကျောက်ဆည်မြို့နယ် သင်ပုတ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရမည့် အချက်များ သိရှိစေရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်

ကျောက်ဆည်  နိုင်ဝင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ရပ်ကွက်/ကျေးရွာများသို့ကွင်းဆင်းပြီး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်က သင်ပုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ လူမှုရေး အသင်း အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကျေးရွာအတွင်းလှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် နေအိမ်တွင် သာနေထိုင်ကြရန်၊  ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိ တို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက် ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကိုစနစ်တကျတပ်ဆင်ရန်၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုယ်တွယ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ကြရန်နှင့် ရောဂါပိုးကူးစက် ခံနေရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှုခံယူကြရန်၊  ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘ ပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်  အသိပေးနှိုးဆော်ခြင်းများကို သင်ပုတ် ကျေးရွာ များအတွင်း လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း(၉၇)အုပ်စု၊ ကျေးရွာပေါင်း(၂၁၇)ရွာရှိပြီး ကျောက်ဆည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကွင်းဆင်းကာ အသိပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)