ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကြီးမြတ်သောပုဂံအဖွဲ့နှင့် ပုဂံကိုချစ်မြတ်နိုးသည့် ညောင်ဦးမြို့၊ ပုဂံမြို့သူ/သားများ ပူးပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ညောင်ဦး  နိုဝင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ကြီးမြတ်သော ပုဂံသန့်ရှင်းရေးပြုလုပ်အဖွဲ့နှင့်အတူ ပုဂံကိုချစ်မြတ်နိုးကြသည့်  ညောင်ဦးမြို့သူမြို့သားများ၊ ပုဂံမြို့သူမြို့သား များသည် ယမန်နေ့ နံနက် ၇ နာရီအချိန်မှ စတင်ပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ချုံနွယ်ပိတ်ပေါင်း ထူးထပ်ပြီး ရှေးဟောင်းဘုရားများကွယ်နေသည့် သစ်ကိုင်းများအား လူအင်အား ၁၀၀ ဖြင့် သန့်ရှင်းရေး ပြုလုပ်ကုသိုလ်ယူခဲ့ကြောင်း ကြီးမြတ်သောမဟာ ပုဂံသန့်ရှင်းရေးအဖွဲ့ ဦးမျိုးဆက်စံထံမှ သိရသည်။

ကြီးမြတ်သောမဟာပုဂံအဖွဲ့နှင့်အတူ ပုဂံကိုချစ်မြတ်နိုးကြသည့် ညောင်ဦးမြို့၊ ပုဂံ မြို့မှပူးပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုအဖွဲ့သည် ချုံနွယ်ပိတ်ပေါင်း၊ ကန္တာရပင်ထူထပ်နေ သော ဘုရားများ၊ သာသနိကအဆောက်အုံများ ဖြစ်သည့်  ပုဂံမြို့ဟောင်း ရွှေဘုံသာဘုရား အပါအဝင်၊ ရှေးဟောင်းဘုရား ၁၁ ဆူ၏ရှေ့မျက်နှာစာနှင့် ပတ်ဝန်းကျင်ရှိ အမှိုက်များ၊ ကန္တာရပင်များ၊ ပလပ်စတစ်အမှိုက်များ၊ ဖော့ဘူးခွံများကိုရှင်းလင်းခဲ့ကြကြောင်း သိရပြီး အပတ်စဉ်တနင်္ဂနွေနေ့တိုင်း သန့်ရှင်းရေးဆောင်ရွက်လျက်ရှိကာ နံနက် ၇ နာရီမှ ညနေ ၃ နာရီအထိ အပတ်စဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယခုတပတ်ပြု လုပ်ခြင်းသည် ပဉ္စမအပတ်မြောက်သန့်ရှင်းရေး ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာ မိဘပြည်သူများ ပုဂံဘုရားများဖူးမြော်ရာတွင် စိတ်ကြည်လင်ရှင်းသန့်စေပြီး ပြည်သူတိုင်း ပုဂံရှေးဟောင်းအမွေအနှစ်များကို တန်ဖိုးထားမြတ်နိုးတတ်စေရန် အုတ်တချပ် သဲတပွင့် အနေဖြင့် အပတ်စဉ်သန့်ရှင်းရေးပြုလုပ်ခြင်းဖြစ်ကြောင်း ဦးမျိုးဆက်စံက ရှင်းပြသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းသန့်ရှင်းရေး ပြုလုပ်သည့်နေရာသို့ ပုဂံပရဟိတဆရာတော် အရှင်သူမြတ်များ၊ ကိုးလုံးရပ်မိသားစု၊ ပုဂံ မြို့ဟောင်း ဦးဝိမောင်နှင့် ညောင်ပင်သတ်ပညာရှင်များအဖွဲ့၊ စိုးမင်းကြီးဘုရား၊စိုးမင်းကြီး အုတ်ကျောင်းစောင့်ရှောက်သူ မိသားစုများနှင့် ဈေးသည်များ၊ မြင်းကပါရွာ ပရဟိတမောင်နှ မများ၊(HLBO) ဟိုတယ်ချစ်သူမြို့နယ် အလုပ်သမား အဖွဲ့အစည်း၊ ပုဂံရှေးဟောင်းယဉ်ကျေး မှုနယ်မြေ ဒေသခံပြည်သူများကသန့်ရှင်းရေးပြုလုပ်ကြရာ လူအင်အား ၁၀၀ ကျော်ပါဝင် ဆောင်ရွက်ကြကြောင်း၊ သန့်ရှင်းရေး ဆောင်ရွက်သူများအား မြန်မာပြည်အရပ်ရပ်မှ ကုသိုလ်တော်အဖြစ် နံနက်စာ၊ နေ့လယ်စာထမင်း၊ ဟင်းလျာများ၊ အချိုရည်နှင့်အခြားလို အပ်သောပစ္စည်းများ ကျွေးမွေးဧည့်ခံခြင်းနှင့် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရေသန့်ရှင့်အချိုရည်ဘူး များ လှူဒါန်းခြင်း၊ သန့်ရှင်းရေး ကုသိုလ်ပြုအဖွဲ့လူတစ်ရာဦးစာ အတွက် တစ်ဦးလျှင် ဆန်တပြည်နှင့်ဆီ ၂၅ ကျပ်သားစီကိုလည်း မကာအိုမိသားစုများ အဖွဲ့က လှူဒါန်းပေးကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ယခုနှစ်မိုးရွာသွန်းမှုများခြင်းကြောင့် မြက်ရိုင်းတောကြီးများ နေရာအနှံ့ ပေါက်ရောက်နေရာ မြက်ဖြတ်စက်များ လိုအပ်လျက်ရှိပြီး ပါဝင်လှူဒါန်းလိုပါက ဦးမျိုးဆက်စံ၏ ဖုန်း ၀၉-၄၀၂၇၄၅၈၉၄ သို့ လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။

ကိုထိန်၊KPD