တောင်ဥက္ကလာပ နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေးဦးတည် အုပ်စုများအလိုက်ပြည်သူများကို ယနေ့ နံနက်(၉)နာရီ အချိန်မှစတင်၍ သတ်မှတ် စုရပ်နေရာ အသီးသီးတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအားပထမအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစားကာကွယ်ဆေးမြားကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဦးစားပေးဦးတည် အုပ်စုအလိုက် ပြည်သူများကို စုရပ်များခွဲ၍ ကာကွယ်ဆေး ထိုးပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မြတ်မိုးနှင့် အဖွဲ့၀င်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ ကြက်ခြေနီတပ်ဖွဲဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များမှ လာရောက်၍လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကြောင်းသိရသည်။
တောင်ဥက္ကလာပ မြို့နယ်အတွင်းတွင် ရပ်ကွက်(၁၃)ခုရှိပြီး ဦးစားပေးဦးတည် အုပ်စုအလိုက် ပြည်သူများကို အမှတ်(၁၀)ရပ်ကွက်ရှိ ဟေမဝန်ဓမ္မာရုံ၊ အမှတ်(၁၄)ရပ်ကွက်ရှိ မုနိဓမ္မာရုံ၊ အမှတ်(၁၁)ရပ်ကွက်ရှိ သာသနာ့ဟိတဓမ္မာရုံ၊ အမှတ်(၄)ရပ်ကွက်ရှိ လူထုဓမ္မာရုံနှင့် အမှတ်(၆) ရပ်ကွက်ရှိ ကျန်းမာရေးဦးစီးဌာနတို့တွင်စုရပ်(၅) နေရာခွဲ၍ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးကြောင်း သတင်းရရှိပါသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)