မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

မင်္ဂလာဒုံ နိုဝင်ဘာ ၁၄

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိက အခန်းကဏ္ဍ တစ်ရပ်ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ဦးတည်အုပ်စုများဖြင့် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အ.ထ.က(၁)ကျောင်းရှိ မြဧရာခန်းမတွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးရာတွင် ကာကွယ်ဆေးမထိုးမီ ကျောင်းသား၊ ကျောင်းသူများ၏ မိဘ အုပ်ထိန်းသူများမှ ဖြည့်စွက်ပေးသည့် ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအတွက် မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက် အထောက် အထားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး မှတ်တမ်း ရေးသွင်းစေခြင်းတို့ ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးနောက် နာရီဝက်ခန့် စောင့်ကြည့်ခြင်းတို့ကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့ များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

မင်္ဂလာဒုံမြို့နယ်၊ အ.ထ.က(၁)ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံ ပေးရာတွင် ကာကွယ်ဆေးထိုးနှံသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၃၈)ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သန္တာ(ပြန်/ဆက်)