မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ ဒေသန္တရစီမံကိန်း မူကြမ်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုင်းဆတ် နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အထိ ဒေသန္တရစီမံကိန်းမူကြမ်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က မြို့တော်ခန်းမရရှိရေး၊ အခွန် ကောက်ခံခြင်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရေးဆွဲရာတွင် လမ်း၊ တံတား ကောင်းမွန်စေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်ဒေသများ၌ ရေရရှိရေး၊ ဆိုလာလျှပ်စစ်မီးရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့ကို အလေးထား ထည့်သွင်းရေးဆွဲနိုင်ရေး ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးမှူး ဦးသက်ခိုင်က ပြည်ထောင်စုနှင့် ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က မိမိတို့ဌာနအလိုက် လုပ်ငန်းအကောင်အထည် ဖော်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရန် စီမံကိန်းရေးဆွဲကာ အထက်ဌာနများသို့ တင်ပြတောင်းခံမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းလျာထားချက်နှင့် ပြည့်မီအောင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)