ကော့မှူး နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီးအစိုးအရ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ စီစဉ်မှုဖြင့်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးကာလအတွင်း အမှန်တကယ်လိုအပ်သော အခြေခံ စားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက် နိုဝင်ဘာ ၁၅ ရက် နံနက် ၇ နာရီမှ စတင်၍ ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် အမဲသား၊ ဆိတ် သားများအား ဈေးနှုန်းသက်သာစွာဖြင့်လာ ရောက်ရောင်းချပေးနေကြောင်း သိရသည်။
ထို့သို့ရောင်းချပေးရာတွင် ဧည့်မထတစ်ပြည်လျှင်ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ဆန်ငါးပြည် တစ်အိတ်ကို ငွေကျပ် ၅၀၀၀ ဖြင့် ဆန်အိတ်(၂၀၀) အိတ်အားလည်းကောင်း၊ ပေါ်ဆန်း တစ်ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၈၅၀၀ ဖြင့်ဆန်အိတ် (၂၀၀) အိတ်အားလည်းကောင်း ဆီငါးဆယ်သားတစ်ဘူးကို ငွေကျပ် ၁၈၅၀ ကျပ်နှုန်းဖြင့် ဆီ(၄၀၀)ဘူးအား လည်းကောင်း၊ အမဲသားတစ်ဆယ်သားကို ငွေကျပ်(၁၂၀၀)နှုန်းဖြင့် (၁၅)ပိသာအား လည်းကောင်း၊ ဆိတ်သားတစ်ဆယ်သားကို (၁၇၀၀)ကျပ်နှုန်းဖြင့် (၂၀)ပိသာတို့ အားလာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရွေ့လျားဈေးကားယာဉ်ဖြင့် လာရောက် ရောင်းချပေးမှုအပေါ် ကော့မှူးမြို့နယ်နေ ပြည်သူတစ်ဦးဖြစ်သူ ဒေါ်ခင်မိုးကလည်း ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံ စားသောက်ကုန် ပစ္စည်းတွေကို ယခုလိုဈေး နှုန်းသက်သာစွာ ဖြင့်ရောင်းချပေးတာဟာ မြို့နယ် ပြည်သူတွေ အတွက်အရမ်းကို အဆင်ပြေမှုရှိပါတယ်။ အပြင်ကဆိုင်တွေထက် လည်းဈေးနှုန်း တွေက ချိုသာတဲ့အပြင် ရောင်းချသောပစ္စည်းတွေလည်း ကောင်းမွန်မှုရှိတယ် နောင်လည်း ယခုလို အမြဲလာရောက်ရောင်းချပေးစေချင်ပါတယ် ယခုလိုလာရောက် ရောင်းချပေးရန် စီစဉ်ပေးသူများကို လည်းကျေးဇူး တင်ပါတယ်ဟုပြောကြားခဲ့သည်။
ဈေးရောင်းချရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ ရဲတပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများက ဈေးဝယ်လာပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဈေးဝယ်ယူ နိုင်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကိုကျော်သူရ (ကော့မှူးပြန်/ဆက်)၏