ခိုလမ် နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူ တို့သည် ယမန်နေ့ နံနက် (၁၁) နာရီအချိန်က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခိုလမ်တပ်နယ်အတွင်း တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် အနားယူအပန်းဖြေနိုင်မည့် ဆောက်လုပ်ပြီး KTV ခန်းမ၊ ကလေးကစားကွင်း ပန်းခြံများနှင့် ခိုလမ်တပ်နယ် ရိက္ခာစိုအသား၊ ငါး၊ ဟင်းသီးဟင်းရွက် ဖြန့်ဖြူးရောင်းချပေးနေမှု၊ ဆိတ်မွေးမြူရေးခြံ၊ နို့စားနွားခြံ၊ အသားစား နွားခြံ၊ အစာစပ်ရုံ ဝက်မွေးမြူရေးခြံ၊ ဥစားကြက်ခြံ၊ ဒေသကြက်မွေးမြူရေးခြံ ကော်ဖီထုတ်စိုက်ခင်း၊ ဌက်ပျောစိုက်ခင်း၊ ခရမ်းသီးစိုက်ခင်း၊ ဒန့်ဒလွန် သီးပင် စိုက်ပျိုးထားမှုနှင့် ဗူးသီးခြံ ဖြစ်ထွန်း အောင်မြင်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လွိုင်လင်ခရိုင် နမ့်စန် မတ်ကျန်း ပြည်သူ့စစ်ဌာနေအဖွဲ့မှ စီးပွားဖြစ်မွေးမြူထားသော ဝက် မွေးမြူရေးခြံ၊ ဥစားကြက်ခြံတို့အား လှည့်လည်ကြည့်ရှုကြပြီး မတ်ကျန်း ပြည်သူ့စစ်ဌာနေအဖွဲ့မှ စီးပွားဖြစ်မွေးမြူထားသော မွေးမြူရေးခြံတွင် ကြက်ကောင်ရေ (၂၂၀၀၀)၊ အသားစား ကြက် (၄၀၀၀)၊ ဝက်ကောင်ရေ (၆၄၀၀)၊ နွားအကောင်ရေ (၁၀၀၀)၊ ကြက်ဥထွက်နှုန်း (၈၄)% ရှိကြောင်း သိရသည်။
ထို့နောက် ကျီအစ်ကျေးရွာရှိ မတ်ကျန်းပြည်သူ့စစ်ဌာနေအဖွဲ့မှ စီးပွားဖြစ်စိုက်ပျိုးထားသော မန်ဂျန်ရှားစိုက်ခင်းအား လှည့်လည် ကြည့်ရှုရာ နမ့်စန်မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးမှ မန်ဂျန်ရှား စိုက်ခင်းနှင့်ပတ်သက်၍ ရှင်းလင်းရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါ မန်ဂျန်ရှားကို ၂၀၁၇ ခုနှစ်က စတင်စိုက်ပျိုးပြီး ဧရိယာနှင့် စိုက်ပင်ပေါင်းမှာ (၆၈.၀၄) ဧက၊ အပင်(၄၁၀၀၀) ပင်၊ လက်ရှိရှင်သန်သည့် အပင်ပေါင်း(၃၉၃၀၄)ပင်၊ လက်ရှိရှင်သန်သည့် ရာခိုင်နှုန်း (၉၅.၈၆%) ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)