ရခိုင်ပြည်နယ် စစ်တွေမြို့နှင့်သံတွဲမြို့များသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ တပ်မတော် လေယာဉ်ဖြင့် သယ်ယူရောက်ရှိ

စစ်တွေ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နှင့် သံတွဲမြို့များသို့ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးများကို ယနေ့ နံနက်ပိုင်းက တပ်မတော်လေယာဉ်ဖြင့် သယ်ယူရောက်ရှိ လာကြောင်း သိရသည်။

ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင် ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac များကို စံချိန်စံညွန်းများအတိုင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးသို့ တပ်မတော်လေယာဉ်များဖြင့် Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac အလုံးအရေအတွက် (၉၄၄၅)လုံးနှင့် ဆေးထိုးအပ် (၁၈၈၉၀) ချောင်းနှင့် သံတွဲမြို့သို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac အလုံးအရေအတွက် (၃၀၀၀၀)လုံးနှင့် ဆေးထိုးအပ် (၆၀၀၀၀‌)ချောင်းတို့အား တပ်မတော်လေယာဉ်ဖြင့် သယ်ယူ ရောက်ရှိလာရာ မြို့နယ်အလိုက် တာဝန်ရှိသူများက လက်ခံရရှိကြောင်းနှင့် ရခိုင်ပြည်နယ် အတွင်း အခြားမြို့နယ် အသီးသီးသို့ ဆက်လက် ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေးပို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုလူဦးရေ ဦးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)