နောင်ချို နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အခြေခံပညာကျောင်းများရှိ ပညာရေး ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Tesk kit ဖြင့် စစ်ဆေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က နောင်ချိုမြို့ အ.ထ.က (ဆမ္မဆယ်) ၌ ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေး ဌာန၊ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ ပါဝင်သောအဖွဲ့များ ပူးပေါင်း၍ နောင်ချိုမြို့ အ.ထ.က (ဆမ္မဆယ်) ၌ ပညာရေးဝန် ထမ်းနှင့်ဝန်ထမ်းမိသားစု(၁၇၅)ဦးကို စစ်ဆေး ခဲ့ရာ(၂)ဦး၌ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။
အဆိုပါ ပိုးတွေ့လူနာများအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကြပ်မတ်ကုသထားရှိ ကြောင်းနှင့် မကြာမှီကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် ဆရာ၊ ဆရာမများ ကိုဗစ်-၁၉ရောဂါ ကင်းရှင်းစွာဖြင့် ပညာသင်ကြားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပညာရေးဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား စစ်ဆေးရခြင်း ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)