နမ္မတူ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ ၌ ယနေ့နံနက် (၈) နာရီအချိန်ခန့်က စတင်ကာ “ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေ အရွယ် ကလေး တိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက် (၁၂) နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်မံ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံပေးရာတွင် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်လုံးလျှင် ၂ ဦးနှုန်းဖြင့်၊ အောက်တိုဘာလ (၁၈)ရက်နေ့တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသည့် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ ၂၈၆ ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ် ကြီးကြပ်လျက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေခံ တပ်ရင်း/ တပ်ဖွဲ့မှ ဆေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆရာဝန်နှင့် သူနာပြုများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများ က ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးသည်။
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားသည့် အသက် (၁၂) နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း/ အထက်တန်း ကျောင်းသား/ကျောင်းသူ ၉၁၀ ဦးရှိပြီး ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသည့် ကျောင်းသား/ကျောင်းသူ ၃၃၆ ဦးနှင့် ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံထားသည့် ကျောင်းသား/ကျောင်းသူ ၅၇၄ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး ထံက သိရသည်။
လူမော် (ပြန်/ဆက်)