အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြသ

ပန်ဆိုင်း(ကြူကုတ်) နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများ ပြည်သူများအား အသိပညာပေးလုပ်ငန်းများအား အွန်လိုင်းမှတစ်ဆင့်သော်လည်းကောင်း၊ ပြည်သူထံသို့ တိုက်ရိုက်သော် လည်းကောင်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ (၂၈) ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်ပြည့် အမျိုးသား အောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ် စာစောင်/ စာအုပ် စာစောင်ပြသခြင်းလုပ်ငန်းအား ယနေ့နံနက် ၁၀ နာရီအချိန် က ပန်ဆိုင်ပြည်သူ့စာကြည့်တိုက် တွင် (၁၀၁) နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြဘုတ်အား ပြသခြင်းနှင့် စာအုပ် စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြဘုတ်တွင် ကျွန်ပညာရေးစနစ်အား စတင်သပိတ်မှောက်ရန် မျိုးချစ်ကျောင်းသား များ၏ ဓာတ်ပုံများ၊ ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သော အမျိုးသား ပညာဝန်များ၊ ကျောင်းသားသပိတ် စတင် တော်လှန်ရာတွင် ပထမဆုံးအသုံးပြုခဲ့သည့် တံဆိပ်ခေါင်းဓာတ်ပုံ အမျိုးသားနေ့နှင့်ပတ်သက်သည့် ပန်းချီ ကာတွန်းများ၊ ကဗျာ ဆောင်းပါးများ၊ အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းတို့ကို ပြည်သူများစိတ်ပါဝင်စားစွာ ကြည့်ရှုနိုင်စေရန်နှင့် နိုင်ငံတော်၏ နေ့ကြီးရက်ကြီးများအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန်နှင့် ပြဘုတ်အား (၁၅.၁၁.၂၀၂၁) မှ (၃၀.၁၁.၂၀၂၁) ထိ ပြသဆောင်ရွက်ထားမည်ဖြစ်ကြောင်း သိရသည်။

အိဖြူ(ပန်ဆိုင်း)