အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ နေ့စဉ် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ အသိပညာပေး သိကောင်းစရာများကို အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်

ရန်ကုန် နိုဝင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ အသိပညာပေး သိကောင်းစရာများကို အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများဖြစ်သော အင်းစိန်ဈေး၊ မြို့သစ်ဈေး၊ ကြို့ ကုန်းဈေး၊ ဘိုကုန်းဈေး၊ နံ့သာကုန်းဈေး၊ ဆယ်မိုင်ဈေး၊ ဖော့ကန်ဈေး၊ လေဟာပြင်ဈေး၊ ဟီနိုးဂိတ် လေဟာပြင်ဈေး၊ ကြက်ဘဲဈေးနှင့် အောင်ဆန်းဈေးတို့တွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေ့စဉ် ဝန်ထမ်းများက အသံချဲ့စက်ဖြင့် ဈေးများအတွင်းသို့ လှည့်လည်ကာ နှိုးဆော်ရာတွင် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ ကွာနေကြရန်နှင့် လက်ကို စနစ်တကျ ဆေးကြောရန်စသည့် အသိပညာပေး သိကောင်းစရာများကို နှိုးဆော်လျက်ရှိပြီး မြို့နယ်အတွင်းရှိ ပုဂ္ဂလိကဈေး များတွင်လည်း တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ အလားတူ ဈေးများ၏ ဈေးဝင်ပေါက်၊ ထွက်ပေါက်များတွင် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ဆေးဘေစင်များ ထားရှိပေးခြင်းနှင့် ဈေးအဝင်ဝတွင် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေ ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန်စသည့် ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများကို ဈေးတာဝန်ခံများနှင့် ဝန်ထမ်းများက အသိပညာပေး ဆောင်လျက်ရှိကြောင်း သိရသည်။     

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများနှင့် ပရဟိတအသင်း/အဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)