သီပေါ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) နံရံကပ်စာစောင်ပြပွဲတွင် မြန်မာ တစ်မျိုးသားလုံး၏ ရင်ထဲတွင် စစ်မှန်သော မျိုးချစ်စိတ်ဓါတ်များ ထာဝစဉ် ကိန်းအောင်းနေစေရန် ရည်ရွယ်၍ အမျိုးသားအောင်ပွဲနေ့နှင့်ဆိုင်သော သမိုင်းကြောင်းဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များနှင့် ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန် ပြုခဲ့ကြသော ကျောင်းသားကြီး (၁၁)ဦး၏ အမည်နာမများကို ဝေဝေဆာဆာထည့်သွင်း ပြသထား ကြောင်းနှင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ စာအုပ်၊ စာစောင်များကို အမျိုးအစား ပညာရပ်များအလိုက် ခင်းကျင်း ပြသခဲ့ရာ ပြပွဲသို့ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အထိမ်းအမှတ်နေ့များနှင့် နေ့ကြီး၊ ရက်ကြီးများတွင် ပြပွဲ၊ပြခန်းများ ပြသဆောင်ရွက်ပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူ များကို စာစီစာကုံး ပြိုင်ပွဲ၊ မြန်မာစကားပုံဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြင်ခြင်း ပုံတူပန်းချီဆွဲ ပြိုင်ပွဲ စသည့်များကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး (သီပေါ၊ ပြန်/ဆက်)