မြစ်ကြီးနား နိုဝင်ဘာ ၁၅
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကချင်ပြည်နယ်အားကစားနှင့် ဆက်ကော်မတီမှ ကြီးမှူးကျင်းပသည့်ဆောင်းရာသီ အားကစားပွဲတော်အထိမ်းအမှတ် ကလပ်အသင်းပေါင်းစုံ(အမျိုးသား/အမျိုးသမီး)ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားအား ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နောင်ရာဖူဆယ်ဘောလုံးကွင်းတွင်ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားတူကြီးချုပ် ဦးတူးဂျာ ၊ပြည်နယ် အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ ဖူဆယ် အားကစားဆပ်ကော်မတီမှ တာ၀န်ရှိသူများနှင့် အားကစားသမားများ တက်ရောက်သည်။
ဦးစွာ ပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့၀င်များသည် ဖူဆယ်အမျိုးသားအသင်း ဗိုလ်လုပွဲ ဖြစ်သည့် ထိန်လင်းFCအသင်းနှင့် ကချင်ရီးရဲလ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားနေမှုအား အားပေးကြည့်ရှူသည်။ ယင်းနောက် ပြည်နယ်၀န်ကြီးချုပ်က Fitness Dance ဖျော်ဖြေရေး အဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး ဖူဆယ် အားကစား ဆပ်ကော်မတီမှ တာ၀န်ရှိသူများက ပွဲဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီပေး ခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ပြီး ပွဲစဉ်တစ် လျှောက် အကောင်းဆုံးဆုရ အမျိုးသားနှင့် အမျိုးသမီးအသင်းမှ အားကစားသမား များအား ငွေသားဆုများပေးအပ် ချီးမြှင့်သည်။
ထိုနောက် ပြည်နယ်၀န်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ်နှင့်ပြည်နယ်၀န်ကြီးများမှ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော အမျိုးသား/အမျိုးသမီး အသင်းများမှ အားကစား သမားများအား တစ်ဦးချင်းလည်ဆွဲ၊ငွေသားဆုနှင့် တံခွန်ဆိုက်ဆုဖလား များအား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ ကြရာ ဆုရအားကစားသမားများက လက်ခံရယူခဲ့ကြပြီး ပြည်နယ်၀န်ကြီးချုပ်နှင့် အဖွဲ့၀င်များ က ဖူဆယ်အားကစားဆပ်ကော်မတီမှ တာ၀န်ရှိသူများ၊ ဆုရ အားကစားသမားများနှင့် အမှတ်တရစုပေါင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ယင်းဖူဆယ်ဘောလုံးပြိုင်ပွဲတွင်အမျိုးသား ၁၆ သင်းအမျိုးသမီး၆ သင်း စုစုပေါင်း၂၂ သင်း ပါ၀င်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ကချင်ပြည်နယ်၀န်ကြီးချုပ်နှင့် အဖွဲ့၀င်များသည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်း၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်း ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကချင် အနုပညာရှင် အသင်းချုပ်မှ တေးဂီတ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ ပြည်နယ်၀န်ကြီးချုပ်ကလာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ဟာ မိမိတို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အတွက် ဂုဏ်ယူစရာ နေ့ထူးနေ့မြတ် ဖြစ်ကြောင်း၊(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ်ကျင်းပမည့် ''တူယှဉ်နွဲပျော်ဂီတ ပွဲတော်''ဂုဏ်ပြုတေးသီချင်းပြိုင်ပွဲဟာ စိန်ရတုပြည်ထောင်စုကို ပြည်သူများ မှတ်မှတ် ထင်ထင်သိရှိပြီး စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ် ပိုမိုထွန်း ကားပြန့်ပွားစေရန်နှင့် ကိုဗစ်-၁၉ကပ်ရောဂါကာလအတွင်း ကိုယ်၊ စိတ် ပင်ပန်းနွမ်းနယ်နေသည့် ပြည်သူ များအား ဖျော်ဖြေမှုပေးနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများနှင့် ကချင်အနုပညာရှင် အသင်းချုပ် မှ တာ၀န်ရှိသူများက ဂုဏ်ပြုတေးသီချင်းပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်နိုင် ရေးအတွက် ပြိုင်ပွဲအတွက် သင့်တော်သည့် အဆိုရှင်ရွေးချယ်နိုင်ရေးနှင့် အထွေထွေ ကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့ပြီး တင်ပြမှုများအပေါ် ပြည်နယ် ၀န်ကြီးချုပ်က အဆိုပါပြိုင်ပွဲနှင့် သင့်တော်သော ပါရမီရှိသည့် အဆိုရှင်ကောင်းများအား အတွေ့အကြုံရှိသော ကချင်ဂီတ အနုပညာရှင်များက ရွေးချယ်စီစစ် ပေးရန်လိုအပ် ကြောင်း၊ ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုရရှိစေရေး အတွက် ကော်မတီများ စနစ်တကျ ဖွဲ့စည်းကာအချိန်မှီ ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ ပြိုင်ပွဲအား နို၀င်ဘာလ ၂၆ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၁ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုလျှင် အသက် ၁၈နှစ်မှ အသက် ၅၀ အတွင်းရှိ အဆိုရှင် (၃)ဦးနှုန်းဖြင့် စုစုပေါင်း(၄၅)ဦး ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် ပြန်/ဆက်