ကျောက်ဆည် နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနနှင့်မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက် (၉) နာရီက (၁၀၁) နှစ်မြောက် အမျိုးသားနေ့ အောင်ပွဲအကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အမျိုးသားအောင်ပွဲနေ့သည် ဗြိတိသျှမင်းကြီးမတ်ဟန်းတား၏ တက္ကသိုလ်အက်ဥပဒေ အရ ဖြစ်လှစ်မည့် ရန်ကုန် တက္ကသိုလ်ကို မြန်မာသက္ကရာဇ် ၁၂၈၂-ခုနှစ်၊တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်၊ ၁၉၂၀-ခုနှစ် ဒီဇင်ဘာ (၅) ရက်နေ့တွင် ရန်ကုန်ကော်လိပ်နှင့် ဂျက်ဆင် (ယုဒသန်) ကော်လိပ် ကျောင်းသားများ ကန့်ကွက် သပိတ်မှောက် ဆန္ဒပြသော နေ့ဖြစ်ကြောင်းနှင့် အဆိုပါနေ့ကို ၁၉၂၀-ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ မန္တလေးမြို့တွင် ကျင်းပခဲ့သည့် နဝမအကြိမ်မြောက် ဂျီစီဘီအေ ညီလာခံကြီးက အမျိုးသားနေ့အဖြစ် သတ်မှတ်ပြ ဌာန်းရန် စတင်ဆွေးနွေးခဲ့ပြီး ၁၉၂၂-ခုနှစ်၊ဇွန်လ(၁၇)ရက်နေ့ ရန်ကုန်မြို့၌ စတင်ကျင်းပခဲ့သည့် ဂျီစီဘီအေ အထူးညီလာ ခံက အမျိုးသားနေ့ အဖြစ်သတ်မှတ်ကြောင်း ဆုံးဖြတ်အတည်ပြုပေးခဲ့သဖြင့် နှစ်စဉ်နှစ်တိုင်း နိုင်ငံနှင့်အဝှမ်း အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားများ ခြိမ့်ခြိမ့်သဲသဲ ကျင်းပလာခဲ့ကြရာ ယခုဆိုလျင် (၁၀၁) နှစ်မြောက် တိုင်ခဲ့ပြီ ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြိုနယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးကျော်သန်း (စာရေးဆရာ မောင်ခိုင်ကျော်) ကျောက်ဆည်က အမျိုးသားနေ့ဖြစ်ပေါ်စေရန်အတွက် ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုခဲ့သော ကျောင်းသားကြီး(၁၁)ဦး၏ အမည်များကိုရှင်းလင်း ပြောကြားပြီး ဗြိတိသျှတို့ ပြဌာန်းထားသော ကျွန်ပညာရေး ဉပဒေများအကြောင်းများ ဖြစ်သည့် မြန်မာနိုင်ငံတွင် တက္ကသိုလ်ကျောင်း တစ်ကျောင်းသာထားရှိရေး၊ ကော်လိပ်ကျောင်း၌ ပညာသင်လိုလျင် ကျောင်းအိပ် ကျောင်းစားနေထိုင်ရေး၊ ဆယ်တန်းစာမေးပွဲတွင် အင်္ဂလိပ်ဘာသာ နှင့် အခြားဘာသာ တစ်ခုခုတွင် ဂုဏ်ထူးအမှတ်ရမှသာလျင် တက္ကသိုလ် ကော်လိပ်ဝင်ခွင့်ရမည့်အကြောင်း၊ ဂုဏ်ထူး တန်းနှင့် ဝိဇ္ဇာဘွဲ့တန်းတွင် တစ်ကြိမ်ကျဆုံးလျင် နောက်ထပ် စာမေးပွဲဖြေဆိုခွင့် မရှိရေး၊ ဆယ်တန်းအောင်ပြီးလျင် တက္ကသိုလ်ဝင်ခွင့် အတန်းတစ်တန်း၌ တစ်နှစ်သင်ယူပြီးမှ တက္ကသိုလ်ဝင်ခွင့်ပေးရေး၊ တက္ကသိုလ်ဝင်ရန် ပြင်ဆင်သည့် အတန်းတွင် တစ်နှစ်သင်ယူရန် အဆင့်မမှီလျင် နောင်မည်သည့်အခါမျှ တက္ကသိုလ်သို့ ဝင်ရောက်ခွင့်မရှိစေရေးစသည့် ကျောင်းသားဦးရေ ကန့်သတ်ထားပြီး ကျောင်းအိပ်ကျောင်းစားအဖြစ် ချမ်းသာကြွယ်ဝသူများ၏ သားသမီးများသာ တတ်ရောက်နိုင်ပြီး ဆင်းရဲနွမ်းပါးသူများ၏ သားသမီးများ မတက်ရောက်နိုင်ရန် စီစဉ်ထားသည့် အကြောင်းအရာများနှင့် အမျိုးသားရေး တာဝန်များအကြောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်များအကြောင်း အသီးသီးအသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)