ကျိုက်မရောမြို့၌ (၇၉)ကြိမ်မြောက် နှစ်ကျိပ့်ရှစ်ဆူ ဗုဒ္ဓရုပ်ပွါးတော်များ လှည့်လည်ပူဇော်ခံပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ကျိုက်မရော နိုဝင်ဘာ ၁၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ရိုးရာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၇၉)ကြိမ်မြောက် နှစ်ကျိပ့်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွါးတော်ပုံများ မြို့တွင်းသို့ လှည့်လည်ပူဇော်ခံပွဲ အခမ်းအနားကို ယမန်နေ့ည ၇ နာရီက စတင်ကာ ကျိုက်မရောမြိုဆုတောင်းပြည့် ဘုရားကြီးရှေ့၌ ကျင်းပခဲ့သည်။

အဆိုပါနှစ်ကျိပ့်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွားတော်များအား မြို့တွင်းသို့ကြွချီ၍ ပူဇော်ခံပွဲတော်ကို ကျိုက်မရောမြို့ ဇေတဝန်ကျောင်းတိုက် ဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် တပည့်ဒါယိကာ၊ ဒါယိကာ မများနှင့်လူငယ်လေးများက မော်တော်ယာဉ်များပေါ်သို့ ဗုဒ္ဓရုပ်ပွားတော်နှစ်ကျိပ့်ရှစ်ဆူတို့အား ပင့်ဆောင်ကာ ဒေသခံပြည်သူများ ပူဇော်နိုင်ရန်အတွက် လှည့်လည်ပူဇော်ခံခြင်းဖြစ်ကြောင်း၊ ထိုသို့ နှစ်ကျိပ့်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွါးတော်များ မြို့တွင်းလှည့်လည်စဉ် စေတနာရှင် အလှူရှင်များက ဘုရားရှင်တို့၏ဂုဏ်တော်ကို ကြည်ညိုသဒ္ဒါပွားကာပန်း၊ ဆီမီး၊ ဖရောင်းတိုင်၊ အမွှေးနံ့သာများဖြင့်  ပက်ဖြန်းပူဇော်ကြကာ လိုရာဆုကိုတောင်းကြပြီး လာရောက်ကြည့်ရူသူများအား အချိုရည်များ၊ မုန့်များကို စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါနှစ်ကျိပ့်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွားတော်များလှည့်လည်ပူဇော်ပွဲကို နှစ်စဉ်ကျင်းပလာခဲ့ရာ   ယခုနှစ်တွင် (၇၉)ကြိမ်မြောက် ရှိခဲ့ပြီးဖြစ်ကြောင်း ယခင်နှစ်များကထက် ပိုမိုစည်ကားလျက်ရှိပြီး  ကျိုက်မရောမြို့နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲကို ဒေသခံများသာမက ရပ်ဝေး၊ ရပ်နီးမှပြည်သူများပါ လာရောက် ပူဇော်လေ့ရှိကြောင်း ဘုရားပွဲတော်ကျင်းပရေးကော်မတီတာဝန်ရှိသူထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး (ကျိုက်မရော)