မိုင်းဖြတ်မြို့နယ်၌ (၃၀)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကျင်းပ

မိုင်းဖြတ် နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၃၀)ကြိမ်မြောက် မြို့နယ်လုံး ဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ရှိ မင်္ဂလာသီရိ ကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မိုင်းဖြတ်မြို့ ဈေးတန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မပါလ ဆရာတော်အရှင်သူမြတ်ထံမှ ပရိသတ်များက ငါးပါး သီလခံယူဆောက်တည်ကြသည်။ ထို့နောက် ပင့်သံဃာအရှင်သူမြတ် တို့အား ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် သံဃာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များကို နာယူခဲ့ကြသည်။

ဆက်လက်၍ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းဆရာတော် (မဟာသဒ္ဒမ္မ ဇောတိကဓဇ)  နန္ဒောဘာသ အရှင်သူမြတ်ထံမှ ကထိန်အနုမောဒနာတရားနှင့် ရေစက်ချတရားကို နာယူခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မိုင်းဖြတ်မြို့နယ်တွင် (၃၀)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကိန်ပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ဆင်ယင်ကျင်းပ ရခြင်းဖြစ်သည့်အတွက် မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်း (၅၅)ကျောင်းအနက် ကျန်ရှိနေသည့်  ဘုန်းတော်ကြီးကျောင်း များသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို သွားရောက် ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး