နမ္မတူ နိုဝင်ဘာ-၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယနေ့နံနက် (၈)နာရီအချိန်ခန့်ကစတင်ကာ “ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက် (၁၂)နှစ် နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူများအား ဒုတိယ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက် ရှိသည်။
ထိုသို့ထိုးနှံပေးရာတွင် Sinovac အမျိုးအစားကိုဗစ်ကာကွယ်ဆေး တစ်လုံးလျှင် ၂ဦးနှုန်းဖြင့်၊ အောက်တိုဘာလ (၁၇)ရက်နေ့တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသည့် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ ၅၀အား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး၊ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ ၇၄ ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံ ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေခံတပ်နယ်မှ ဆရာဝန်နှင့် သူနာပြုများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆရာဝန်နှင့် သူနာပြုများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးသည်။
နမ္မတူမြို့နယ်၌ ယနေ့တွင် အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း/ အထက်တန်း ကျောင်းသား/ကျောင်းသူ ၅၀ ဦးအား ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ ၇၄ ဦးအား ပထမအကြိမ် အဖြစ်လည်းကောင်း ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးပြီးပြီဖြစ်သဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည် သူစုစုပေါင်း ၄၂၂၈ ဦးအား ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံနိုင်ခဲ့ပြီး၊ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၆၆၁ဦး၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် အခြေခံပညာ အလယ်တန်း/အထက်တန်း ကျောင်းသား/ ကျောင်းသူ ၈၆၀ ဦး ရှိပြီး၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား/ကျောင်းသူ ၅၀ ဦးရှိကြောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
လူမော် (ပြန်/ဆက်)