တိုက်ကြီး နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်း မော်တော်ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦး ထက် ပိုမိုစီးနင်းခြင်း မပြုရန် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်းအချိန်က မော်တော်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နှိုးဆော်ချက်တွင် ယခုအချိန်ကာလတွင် အကြမ်းဖက်သမား များသည် မော်တော်ဆိုင်ကယ်များ အသုံးပြု၍ အကြမ်းဖက်တိုက်ခိုက်မှုများကို ပြုလုပ်လာ ကြောင်း စိစစ်တွေ့ရှိသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အမိန့်အမှတ် (၁/၂၀၂၁)အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း (ဒလနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်များမှ အပ) မော်တော်ဆိုင်ကယ် စီးနင်းခွင့်မပြုကြောင်းနှင့် ကျန် အခြားမြို့နယ်များတွင် မော်တော်ဆိုင်ကယ်စီးနင်းပါက မော်တော်ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးထက် ပိုမိုစီးနင်းခြင်းမပြုကြရန်နှင့် စစ်ဆေးတွေ့ရှိပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တိုက်ကြီးမြို့နယ် အတွင်းရှိ မိဘပြည်သူများအနေဖြင့် မော်တော်ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးထက် ပိုမိုစီးနင်းခြင်းမပြုကြရန်နှင့် စစ်ဆေးတွေ့ရှိပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ဥပဒေနှင့် အညီ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း အသိပညာပေးနှိုးဆော်ထားသည်။
တိုက်ကြီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မတော်သားများ ပါဝင်သော အဖွဲ့က ပြည်သူများအား အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)