ပွင့်ဖြူ နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသည့် ဒေသခံပြည်သူများကို နိုဝင်ဘာ ၁၄ ရက်၊ ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဒုတိယ အကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၄)နေရာဖြစ်သည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်းကျေးရွာ နိဗ္ဗာန်(တ)ကျောင်း၊ ကုန်းဇောင်းကျေးရွာတိုက်နယ်ဆေးရုံ၊ မဲဇလီကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင် ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံဆောင်ရွက် ပေးနေကြောင်း သိရပြီး ဆေးထိုးစုရပ်များအလိုက် ဒေသခံပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ ကာကွယ်ဆေး ထိုးနှံနိုင် ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေး မှူးများနှင့် စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။ ယနေ့ဆေးထိုးစုရပ်(၄)နေရာတွင် ဒုတိယအကြိမ် ကာကွယ်ဆေးလာရောက် ထိုးနှံသူ ၁,၁၅၀ ဦး ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် ဆေးထိုးစုရပ်(၄)နေရာခွဲပြီး ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား စဉ်ဆက်မပြတ် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ဒေသခံပြည်သူများ မဖြစ်မနေ ကာကွယ်ဆေးထိုးနှံရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့် ရပ်ကွက်/ကျေးရွာသို့ လှည့်လည်ကာ အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)