ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသစ် ဆောက်လုပ်ရန် ပန္နရိုက်မင်္ဂလာ အခမ်းအနားကျင်းပ

ပွင့်ဖြူ နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ၊ (၆)လ မီနီဘတ်ဂျတ် တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသစ် အဆောက်အဦ ဆောက်လုပ်ရန်အတွက် ပန္နရိုက်မင်္ဂလာ အခမ်းအနားကို  နိုဝင်ဘာ ၁၄ ရက် ယနေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်ရန်စီစဉ်ထားရှိသော မြေကွက်လပ် တွင် ကျင်းပသည်။

အဆိုပါ ပန္နရိုက်မင်္ဂလာအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်သန်းနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး မင်္ဂလာအချိန်တွင် တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ် ရေးမှူးရုံးသစ် ဆောက်လုပ်မည့် မြေနေရာအား ပန္နက်တိုင်များ စိုက်ထူပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် ဆောက်လုပ်မည့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသစ် အဆောက်အအုံမှာ အလျား အလျား(၂၇)ပေ၊ အနံ (၁၈)ပေ၊ အမြင့်(၁၀)ပေရှိ သွပ်မိုး၊ အုတ်ကာ၊ တမံသလင်းခင်း တစ်ထပ် အဆောက်အဦအမျိုးအစား တည်ဆောက်သွားမှာဖြစ်ပြီး သတ်မှတ်ကာလအတွင်း အချိန်မီတည်ဆောက်ပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ အနီးကပ်ကြီးကြပ် မှုဖြင့် ကျေးရွာတည်ဆောက်ရေး လုပ်ငန်းကော်မတီက တာဝန်ယူတည်ဆောက်သွားမည်ဖြစ် ကြောင်း သိရသည်။

ယခု ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် ၊ (၆)လ မီနီဘတ်ဂျတ် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသစ် အဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်းကို ပွင့်ဖြူမြို့နယ်အတွင်း ရွာသစ်ကုန်းကျေးရွာ အပါအဝင် ကျေးရွာ(၄)ရွာတွင် အကောင် အထည်ဖော် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)