ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်မြို့အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး

ပြည် နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး သီရိရတနာခန်းမ၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကာ ပြည်မြို့ အခြေခံပညာ စာသင်ကျောင်းများအတွက် စာသင်ခုံ အစုံ(၄၀)၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းအတွက် သီးခြားထောက်ပံ့ငွေ ကျပ်(၁၀)သိန်းတို့အား ထောက်ပံ့ပေး ခဲ့ရာ ပဲခူးတိုင်း အနောက်ခြမ်း တာဝန်ခံ တိုင်းပညာရေးမှူး ဒေါ်စန်းစန်းဝင်းမှ လက်ခံရယူ ခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်မြို့၊ ဇီးအုပ်စခန်း နွေစပါး စိုက်ပျိုးရေ ရရှိရေး ဆိုလာစနစ်အသုံးပြု၍ စမ်းသပ်ဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့ပြီး ခရိုင်တစ်ခုခြင်းအလိုက် Mobile Solar Pump System (၃)စုံ ဝယ်ယူနိုင်ရေး စီစဉ်ပေးခဲ့ကာ မိုးစပါးစံကွက် ရိတ်သိမ်းချွေလှေ့နေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်းချုပ်နှင့် အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်(ပြည်)သို့ သွားရောက်၍ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပြီး ဒုတိယ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာယုဇနမှ ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ အချက်အလက်များအား Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့မှုအပေါ်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်ချက်များ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ တက္ကသိုလ်အတွက် သီးခြားထောက်ပံ့ ငွေကျပ်(၁၀) သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်မြို့၊ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီး တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ပြီး ဆေးရုံတည်ဆောက်နေမှုကို တာဝန်ခံအင်ဂျင်နီယာ ဦးတင်လှက Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့မှုအပေါ်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး ဆေးရုံတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်မြို့၊ သူနာပြုနှင့် သားဖွားသင်တန်း ကျောင်းသို့ ရောက်ရှိခဲ့ပြီး အပတ်စဉ် (၂၅) သူနာပြုသင်တန်း နောက်ဆုံးနှစ် တက်ရောက်နေ သည့် သင်တန်းသား/သူများနှင့် ဆရာ/ဆရာမများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ သည်။ ၎င်းနောက် ပြည်မြို့၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မို့မို့ဦးမှ သင်တန်းကျောင်းနှင့် ပတ်သက်၍ အချက်အလက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့မှုအပေါ် သင်တန်းကျောင်းအတွက် သီးခြားထောက်ပံ့ငွေ ကျပ် (၁၀)သိန်း၊ စာကြည့်ခန်း Aircon တပ်ဆင်ရန် ငွေကျပ်(၁၀)သိန်း၊ သင်တန်းသား/ သူများအတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား (၅)လစာ ထောက်ပံ့ငွေနှင့် ကျန်းမာရေးသုံး အထောက် အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ပြီး နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်ထောက်ကူပြုခန်းမနှင့် စာကြည့်တိုက်များသို့ လည့်လှည်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်မြို့ ကမ်းနားလမ်း အဆင့် မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူ လမ်းလျှောက်ခြင်း စျေးဝယ်ခြင်းများ ဆောင်ရွက်နိုင်ရေး လှပသပ်ရပ်သည့် ညစျေးတစ်ခု ဖြစ်ပေါ်လာစေရေးနှင့် လျှောက်လမ်းများ ထည့်သွင်းဆောင်ရွက် သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။

မျိုးကျော်