မင်္ဂလာတောင်ညွန့် နိုဝင်ဘာ ၁၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်း သား/ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရခြင်းမှ ကင်းဝေး၍ စဉ်ဆက်မပြတ် ပညာ သင်ယူနိုင်စေရေးအတွက် အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးမှုကို ယမန်နေ နံနက် ၉ နာရီမှစတင်ကာ သတ်မှတ်စုရပ်ကျောင်းများတွင် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခဲ့သည့် ကျောင်း သား/ ကျောင်း သူများထဲမှ ကျောင်းသား/ကျောင်းသူ (၉၀)ဦးအား အောက်တိုဘာလ ၁၆ ရက်နေ့က စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac)များကို ပထမအကြိမ် အဖြစ်စတင်ထိုးနှံပေးခဲ့ပြီး ယနေ့တွင် အဆိုပါ ကျောင်းသား/ကျောင်းသူ (၉၀) ဦးအား အ.ထ.က (၁)၊ အ.ထ.က(၃) နှင့် အ.မ.က (၁၇) ကျောင်းများတွင် စုရပ်များသတ်မှတ်၍ ဒုတိယ အကြိမ် အဖြစ် ဆက်လက်ထိုးနှံ ပေးခဲ့ခြင်းဖြစ်သည်။ ကာကွယ်ဆေး (၂) ကြိမ်ထိုးနှံပြီးသည့် ကျောင်းသား/ကျောင်းသူများအား ကာကွယ်ဆေးထိုးမှတ်တမ်း QR ကုဒ်စာရွက်များ ပေးအပ် ခဲ့ပြီး ဆက်လက်၍လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင် သွားရန် နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးဌာနနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer)များက ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)